နေပြည်တော် နိုဝင်ဘာ ၇

 

ပဲခူးတိုင်းဒေသကြီး၏ စပါးအပြီး ဆောင်းရာသီ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက သနပ်ပင်မြို့နယ် ရွှေဗျိုင်းဖြူကုမ္ပဏီ ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သနပ်ပင်မြို့နယ်၊ ပဲခူးမြို့နယ်နှင့် ကဝမြို့နယ်တို့မှ တောင်သူ(၉၃)ဦးနှင့် လယ်ယာအထူးပြု ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပဲခူးတိုင်းဒေသကြီး၏ ဆောင်းဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံစိုက်ပျိုး ဧရိယာများအားလုံး အောင်မြင်ဖြစ်ထွန်းရေးအတွက် မြေဆီလွှာအာဟာရဆိုင်ရာ စီမံခန့်ခွဲရေးနှင့် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး လုပ်ငန်းများ၊ အပင်ရောဂါပိုးမွှား ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများတွင် ဌာနနှင့် တောင်သူများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဧရိယာရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ ဒေသနှင့်သင့်တော်သည့် သီးနှံပုံစံရွေးချယ်၍ စပါးအပြီး နှစ်သီးစိုက်ပျိုးနိုင်ရေး၊ သီးနှံစိုက်ပျိုးရန် လိုအပ်သည့် ရေပမာဏအတိုင်း စနစ်တကျသုံးစွဲ၍ ရေချိုအရင်းအမြစ်များ လေလွင့်ပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ ဒေသနှင့်သင့်လျော်သည့် စပါး၊ ငါး၊ မွေးမြူသည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ် အသုံးပြုရန် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသီများက ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးတင်ပြကြပြီး မြေပဲ၊ ပဲပုပ်၊ ပဲတီစိမ်း၊ ပြောင်းဖူး စသည့် သီးနှံစုံကို အကန့်လိုက် စိုက်ပျိုးနည်း၊ (Strip Cropping) နည်းစနစ်နှင့် မြေဆွေးပြုလုပ်နည်း ဗီဒီယိုများကို နည်းပညာပေးပြသခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာ မွေးမြူရေး တောင်သူ ဦးဇော်လင်းအောင်၏ ဥစားဘဲမွေးမြူရေးလုပ်ငန်းကို ကြည့်ရှုအားပေးသည်။ 

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာတွင် နေကြာစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဒေသဆိုင်ရာ လက်တွေ့လက်လှမ်းမီသုတေသနများ ဆောင်ရွက်ရာတွင် တောင်သူများ၏ ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များအပြင် ငါးသယံဇာတတိုးပွားရေးနှင့် ဒေသ၏ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် နေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဆိုင်ရာ နည်းပညာရပ်များကို သုတေသီတစ်ဦးက ဆွေးနွေးတင်ပြပြီး တောင်သူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပေးခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲဦးစီးဌာနမှူးရုံးတွင် ဧရာဝတီတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဘဏ္ဍနှစ်အလိုက် ဆောင်ရွက်သင့်သည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်