ပူတာအို နိုဝင်ဘာ ၇

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ဇီးထန်ကျေးရွာအုပ်စု ရှိန်းခေါင်ကျေးရွာတွင် ယနေ့ နံနက် ၁ နာရီခန့်က မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရာ ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်အဆောက်အဦများ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် ဘာသာရေးအဆောက်အဦ ဘုရားကျောင်းတစ်လုံး၊ ဓမ္မဆရာနေအိမ်တစ်လုံး၊ ကျောင်းဆရာ/ဆရာမနေအိမ်နှစ်လုံးနှင့် အခြား လူနေအိမ်အဆောက်အဦ (၅၉)လုံး စုစုပေါင်း အဆောက်အဦ (၆၃)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အမျိုးသား (၁၄၉)ဦး၊ အမျိုးသမီး (၁၅၄)ဦး စုစုပေါင်း (၃၀၃)ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ရာသို့ နယ်မြေခံတပ်မတော်သားများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၅ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးဘေးသင့်ပြည်သူများအား တပ်လိုင်းခန်း၊ ဆေးပေးခန်းနှင့် ဘုရားကျောင်းတို့တွင် ယာယီနေရာချထားပေးကာ စားသောက်ရေးအတွက် ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် ခေါင်လန်ဖူးမြို့နယ်မှလည်း မီးဘေးသင့်ပြည်သူများအား ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ရောင်းချရန် နေအိမ်များတွင် သိုလှောင်ထားရှိသည့် ဒေသထွက် ရှာကောပါကော ပိဿာချိန်ပေါင်း (၃၅၉၀၂၆)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ခရိုင်ပြန်/ဆက်(ပူတာအို)