ရန်ကုန် နိုဝင်ဘာ ၇
ယခုနှစ် သီတင်းကျွတ်ပွဲတော်ကာလ ရုံးပိတ်ရက် သုံးရက်တာအတွင်း ငပလီကမ်းခြေ အပန်းဖြေစခန်း တွင် ခရီးသွားများဖြင့်စည်ကားခဲ့ရာ ယမန်နှစ်ကထက် ပြည်တွင်း၊ ပြည်ပ ခရီးသွား ၆၄ ဒသမ ၉၄ ရာခိုင်နှုန်း တိုးမြှင့်ဝင်ရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
သီတင်းကျွတ်လပြည့်အကြို၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ သုံးရက်တာအတွင်း ငပလီကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၄၉၂၇ ဦးဝင်ရောက်ခဲ့ပြီး ယမန်နှစ်က ၂၉၂၇ ဦးဝင်ရောက် ခဲ့၍ ငပလီကမ်းခြေသို့ ၆၄ ဒသမ ၉၄ ရာခိုင်နှုန်း ခရီးသွား တိုးမြှင့်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာလ တတိယပတ်တွင် ငပလီကမ်းခြေအပါအဝင် မြောက်ဦး၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ကျွန်းတို့၌ ဆောင်းဦးအထိမ်းအမှတ် ပွဲတော်များကိုကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အပန်းဖြေ ခရီးသွားများနှစ်ခြိုက်သည့် ငပလီကမ်းခြေ၌ ၂၀၂၂ ခုနှစ် ဆောင်းဦးပွဲတော်ကို နိုဝင်ဘာ(၂၁)ရက်က ကျင်းပခဲ့ရာ ခရီးသွားများဖြင့် အထူးစည်ကားခဲ့သည်။ ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလမှ မေလလယ်အထိ ခရီးသွား ဝင်ရောက်လေ့ရှိပြီး ၂၀၂၁ ခုနှစ်၌ ၅၈၉၆၉ ဦးဝင်ရောက်ခဲ့၍ ၂၀၂၂ ခုနှစ်တွင် ၂၇၂,၃၈၁ ဦး ဝင်ရောက်ခဲ့ရာ ၃၆၂ ဒသမ ၉ ရာခိုင်နှုန်း ခရီးသွားတိုးတက်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ် ခရီးသွားရာသီ၌ ယမန်နှစ်ကထက် ခရီးသွားပိုမို ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းကြ ခြင်းဖြစ်သည်။
“အပန်းဖြေကမ်းခြေနဲ့ ခရီးသွားဒေသတွေကို ခရီးသွားဝင်ရောက်လာမှုဟာ ဒေသခံတွေ အလုပ်အကိုင်အဆင်ပြေပြီး စီးပွားရေးလုပ်ငန်းရှင်တွေလည်းဝင်ငွေရကြပါတယ်။ နိုင်ငံတော်အတွက် လည်း အခွန်ငွေတိုးလာစေတယ်လို့ ဆိုရမှာပါ။ ရုရှားခရီးသွားဆိုရင် သီတင်းကျွတ်ကာလမှာ အဖွဲ့လိုက်လာရောက်လည်ပတ်တာ တွေ့ရတယ်။ အခုလည်း လာနေတာတွေ့ရတယ်။ ဒီနှစ်မှာပြည်ပ ခရီးသွားတိုးလာတယ်လို့ပြောရမှာပါ။ ငပလီကမ်းခြေမှာ ဆောင်းဦးအထိမ်းအမှတ်ပွဲတော်ကို ယခင်နှစ်တွေလို ပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်မှုနဲ့ ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီနှစ်ခရီးသွားရာသီဟာ ယခင်နှစ်တွေထက် ခရီးသွားပိုမိုဝင်ရောက်နိုင်တဲ့အတွက် နိုင်ငံတော်အတွက် အခွန်ငွေတိုးမြှင့်ရှာဖွေနိုင် မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင်က ပြောသည်။
သီတင်းကျွတ်ပွဲတော်ကာလ၌ ရုရှားနိုင်ငံမှ ခရီးသွား ၄၀ ကျော်နှင့် ပြည်ပ ခရီးသွားများ ဝင်ရောက်ခဲ့ပြီး (ပုံ) ငပလီအပန်းဖြေစခန်းသည် ပြည်တွင်း၊ ပြည်ပခရီးသွား များဖြင့် စည်ကားခဲ့ကာ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့မှ ခရီးသွားများကိုလည်း ဗီဇာကင်းလွတ်ခွင့် ဆောင်ရွက်ပေးထားသည့်အတွက် ၂၀၂၃ ခုနှစ် ခရီးသွားရာသီသည် ပွဲတော်ကာလများ၌ ပြည်တွင်း၊ ပြည်ပခရီးသွားများဖြင့် စည်ကားများပြား နိုင်ကြောင်း ဟိုတယ်လုပ်ငန်းနှင့် ပို့ဆောင်ရေးလုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။
မြန်မာနိုင်ငံတွင်ရှိသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများအနက် ငပလီကမ်းခြေကို နိုင်ငံခြား ခရီးသွားများနှစ်ခြိုက်ခြင်းသည် ကမ်းခြေသာယာလှပခြင်း၊ ရေကြည်လင်သန့်ရှင်းခြင်း၊ သဲပြင်အဖြူ ရောင်ရှိခြင်း၊ ကမ်းခြေပြေပြစ်ခြင်း၊ ရာသီဥတုအေးနေချိန်၌ ရေပြင်မှာနွေးနေခြင်းနှင့် ပင်လယ်စာ ကောင်းမွန်ခြင်းတို့ကြောင့် ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပခရီးသွားများ တည်းခိုအနားယူနိုင်ရန် ငပလီကမ်းခြေတွင် ဟိုတယ်နှင့် တည်းခိုခန်း (၅၁ )လုံး၊ ကျောက်ဖြူတွင် (၁၁)လုံး၊ စစ်တွေ၌ (၁၇)လုံး၊ မြောက်ဦးတွင် (၃)လုံးနှင့် မာန်အောင်ကျွန်း၌ (၁)လုံးဖွင့်လှစ်ထားကာ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်အေးချမ်းစွာ အနားယူလည်ပတ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။
ကိုဗစ်ကာလတွင် ခရီးသွားလုပ်ငန်းများရပ်ဆိုင်းခဲ့ပြီး ကိုဗစ်လွန်ကာလ၌ နိုင်ငံတော်မှ ခရီးသွားကဏ္ဍကို ပြန်လည်ဖော်ဆောင်ခဲ့ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ခရီးသွားကဏ္ဍ Promotion တစ်ရပ်အနေဖြင့် ငပလီကမ်းခြေ၌ ပထမဆုံးသော ဆောင်းဦးအထိမ်းအမှတ်ပွဲတော်ဖြင့် ခရီးသွားလုပ်ငန်းကို စတင် ဆွဲဆောင်နိုင်ခဲ့ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်အသက်ဝင်ခဲ့သည်။ ယခုနှစ်ခရီးသွားရာသီ၌ ရခိုင်ပြည်နယ်ရှိ မြို့နယ်ငါးမြို့နယ်တွင် ထူးခြားသော ဆောင်းဦးပွဲတော်အစီအစဉ်များဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွားများကို အသင့်စောင့်ကြိုလျက်ရှိသည်။
ဓာတ်ပုံ -ကနူး
ညိမ်းသူ( သတင်းစဉ် )


