နေပြည်တော် နိုဝင်ဘာ ၇

 

ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM) နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့တွင် ပျဉ်းမနားမြို့နယ်၌ ပထမနေ့အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

ဦးစွာ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးကြကာ မဲဆန္ဒရှင်များ ကိုယ်တိုင်မဲပေးစက်၏ ထိန်းချုပ်စက်(Control Unit)ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြသည်။

 

အဆိုပါ လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ရွာကောက်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ကူးတို့ဆိပ်‌ကျေးရွာအုပ်စု၊ နတ်သူရဲကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စုနှင့် သနပ္ပင်ဆိပ်ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင် ပြည်သူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Myanmar Electronic Voting Machine (MEVM)နှင့် စပ်လျဉ်း၍ ပြည်သူများ သိရှိနားလည်မှုမြင့်တက်စေရန်အတွက် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့သွားရောက်၍ လက်တွေ့သရုပ်ပြရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေအတွင်း  ပြည်သူများရှိရာ ရပ်ကွက်နေရာများအထိသွားရောက်၍ မြို့နယ်အလိုက် အလှည့်ကျသရုပ်ပြရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုအားလုံးတို့၌ ဆောင်ရွက် ခဲ့ပြီး ဖြစ်သည်။ ပျဉ်းမနားမြို့နယ်၌လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၆ ခုမှ မဲဆန္ဒရှင် ပြည်သူများအား ရှင်းလင်းသရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို နိုဝင်ဘာ ၇ ရက်မှ ၁၃  ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)