နေပြည်တော်၊ နိုဝင်ဘာ ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိုင်ချုံချင့်မီဒီယာ (i-chongqing media)နှင့် ချုံချင့်ရုပ်မြင် သံကြားတို့နှင့် အင်တာဗျူးဆောင်ရွက်ခဲ့သည်။
အင်တာဗျူးတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပခဲ့သော The Belt and Road Conference on Science and Technology Exchange မှ မြန်မာနိုင်ငံအတွက် ရရှိလာသော အကျိုးကျေးဇူးများအကြောင်း၊ လက်ရှိ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်နေသော သိပ္ပံနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများအကြောင်းနှင့် The Belt and Road Conference on Science and Technology Exchange မှ ရှေ့ဆက်ဆောင်ရွက်သွားမည့် တရုတ်-မြန်မာ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ နယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်နည်းပညာ တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သော ချုံချင့်မြို့ရှိ လျှပ်စစ်ကားနှင့် ပတ်သက်၍ စမ်းသပ်ထုတ် လုပ်နေသည့် စက်ရုံ(Modern Industrial College of New Energy Vehicles စက်ရုံ၊ တိကျမှု မြင့်မားသောပစ္စည်းများ ထုတ်လုပ်စမ်းသပ်မှုများ ဆောင်ရွက်နေသော Genertec Guoce Time Grating ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့သည်။
ထို့နောက် ချုံချင့်မြို့ရှိ ချုံချင့်နည်းပညာတက္ကသိုလ်သို့ သွားရောက်ပြီး မော်တော်ယာဉ်သင်ကြားရေး အထောက်အကူပြုစင်တာနှင့် တက္ကသိုလ်စာကြည့်တိုက်ကို လေ့လာခဲ့ပြီး တက္ကသိုလ်၏ အစည်းအဝေးခန်းမ၌ တရုတ်ကွန်မြူနစ်ပါတီ(ချုံချင့်မြို့) အတွင်းရေးမှူးချုပ်၊ ချုံချင့်နည်းပညာတက္ကသိုလ်၏ အကြီးအကဲ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ဌာနကြီးမှူးများက တက္ကသိုလ်၏ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေသော သုတေသနလုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြ၍ ချုံချင့်နည်းပညာ တက္ကသိုလ်နှင့် မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်များ သဘောတူညီမှုရယူကာ တက္ကသိုလ်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးကာ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ(ချုံချင့်မြို့) အတွင်းရေးမှူးချုပ်၊ ချုံချင့်နည်းပညာတက္ကသိုလ်၏ အကြီးအကဲက တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)