နယူးယောက် နိုဝင်ဘာ ၇
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲနေဆဲဖြစ်သည့် အတွက် အစ္စရေး- ဟားမားစ်ပဋိပက္ခနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို အတည်မပြုရသေးကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် နိုဝင်ဘာ ၆ ရက်က အရေးပေါ်တံခါးပိတ်အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာမှုနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းနှင့် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သော နိုင်ငံများက ဆုံးဖြတ်ချက်မူကြမ်းကို ပြင်ဆင်ခဲ့ကြောင်း သိရသည်။
အမေရိကန်နှင့် ရုရှားနိုင်ငံတို့က အဆိုပြုသော ဆုံးဖြတ်ချက်များကို ပြီးခဲ့သည့်လတွင် ပယ်ချခဲ့သည်။ တရုတ်နှင့် ယူအေအီးနိုင်ငံများက အရေးပေါ်အစည်းအဝေးကျင်းပရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက်တွင် ၎င်းတို့ သံအမတ်များက ဂါဇာကမ်းမြောင် တွင် အရပ်သားများကို အကာအကွယ် ပေးနိုင်ရေးနှင့်ပတ်သက်ပြီး လူသားချင်းစာနာထောက်ထားမှု အတွက် အပစ်အခတ်ရပ်စဲကြရန် ပူးတွဲတောင်းဆိုထားသည်။
ပဋိပက္ခဖြစ်ပွားမှု တစ်လအတွင်း ဂါဇာကမ်းမြောင်တွင် လူပေါင်း ၁၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ လုံခြုံရေးကောင်စီအနေဖြင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး စုပေါင်းလုပ်ဆောင်သွားနိုင် မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အင်န်အိတ်ချ်ကေ