စစ်တွေ ၂၀ ဖေဖော်ဝါရီ 

 

၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။

 

1

 

အခမ်းအနားကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဘသိန်း၊ ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင် ဦးသန်းကျော်နှင့် သိက္ခာတော်ရဆရာတော် ဦးအောင်လင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

2

 

ထို့နောက် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို ချင်းတိုင်းရင်းသား ဦးလောမ်ဘိခ်နှင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ဦးသန်းကျော်တို့က ဖတ်ကြားပြီး စစ်တွေမြို့ ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာမင်းက ပညာထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသည့် ချင်းတိုင်းရင်းသား လူငယ်များအား ဂုဏ်ပြုဆုများပေးအပ်သည်။

 

ယင်းနောက် ချင်းတိုင်းရင်းသားလူငယ်များက ချင်းရိုးရာဝါးညှပ်အက၊ စစ်တွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ရခိုင်ရိုးရာအကနှင့် ချင်းတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူများက အမျိုးသားနေ့ ဂုဏ်ပြုသီချင်းတို့ကို သီဆိုဖြေဖျော်ကြသည်။

 

စစ်တွေမြို့နယ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးဇေယျာမင်းက “ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ယခုလိုကျင်းပနိုင်အောင် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကူညီမှု၊ ချင်းအမျိုးသား ညီအစ်ကိုတွေရဲ့ စည်းလုံးညီညွတ်မှု၊ ရခိုင်တိုင်းရင်းသားတွေရဲ့ ချစ်ခင်မှုတွေကြောင့် အမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနိုင်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

 

တင်ထွန်း(ပြန်/ဆက်)