ပေကျင်း နိုဝင်ဘာ ၇
ယခုနှစ် ပထမ ၁၀ လတာ ကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်းတင်သွင်းခြင်းနှင့် တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် သုည ဒသမ ၀၃ ရာခိုင်နှုန်း တိုးလာကာ ဝင်ငွေအားဖြင့် ယွမ် ၃၄ ဒသမ ၃၂ ထရီလီယံ(အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၈ ထရီလီယံခန့်) ရှိကြောင်း နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြ သည့် တရားဝင် အချက်အလက်များအရ သိရသည်။
ပို့ကုန်တင်ပို့မှုတန်ဖိုးသည် ဇန်နဝါရီ လမှ အောက်တိုဘာလအထိ ယွမ် ၁၉ ဒသမ ၅၅ ထရီလီယံရှိခဲ့ကာ တစ်နှစ်ထက် တစ်နှစ် သုည ဒသမ ၄ ရာခိုင်နှုန်း တိုးလာ ပြီး သွင်းကုန်တန်ဖိုးမှာ ယွမ် ၁၄ ဒသမ ၇၇ ထရီလီယံသို့မဟုတ် ယခင်နှစ်က ထက် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း အကောက်ခွန် ဌာနမှ သိရသည်။
အောက်တိုဘာလ တစ်လအတွင်း မှာပင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ယွမ် ၃ ဒသမ ၅၄ ထရီလီယံရှိခဲ့ခြင်းကြောင့် ယမန်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ အောက်တိုဘာလအတွင်း ပို့ကုန်သည် ယခင်လကထက် ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန် ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
၂၀၂၃ ခုနှစ် ပထမ ၁၀ လတွင် အရှေ့ တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) သည် တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေသည်။ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် တစ်နှစ် ထက်တစ်နှစ် သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ယွမ် ၅ ဒသမ ၂၃ ထရီလီယံအထိ မြင့်တက်ခဲ့ပြီး နိုင်ငံ၏
စုစုပေါင်းကုန်သွယ်မှုတန်ဖိုးသည် ၁၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလမှ အောက်တိုဘာလ အတွင်း တရုတ်နှင့် ဥရောပသမဂ္ဂတို့၏ ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး အမေရိကန်နှင့် ကုန်သွယ်မှုမှာလည်း ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ စက်ပစ္စည်းနှင့် အီလက်ထရွန်နစ် ထုတ်ကုန်များတင်ပို့မှုသည် ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးမြင့်လာပြီး မော်တော်ကားတင်ပို့မှု တန်ဖိုးသည် လည်း လွန်ခဲ့သည့်နှစ်က ထက် ၈၈ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်