နေပြည်တော် နိုဝင်ဘာ ၈
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် နိုဝင်ဘာ ၆ရက်တွင် ပန်းတနော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ကြည့်ရှု့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက တောင်သူများဝင်ငွေနှင့် လူမှုဘဝ တိုးတက်ရေးအကောင်အထည်ဖော်ရာတွင် ကန်သင်းသီးနှံကဲ့သို့ အပိုဝင်ငွေရရှိစေ မည့်နည်းလမ်းများ၊ သီးထပ်စိုက်ပျိုး လုပ်ကိုင်နိုင်ရန် လိုအပ်ချက်များ ကူညီပံ့ပိုးပေးခြင်း ကဲ့သို့ တစ်နှစ်ပတ်လုံး အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားရေးကို စနစ်တကျ အားပေးကူညီ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးပညာရှင်များနှင့် သုတေသီများက ပဲမျိုးစုံသီးနှံများ၊ ဆီထွက် သီးနှံများ၏ အရည်အချင်းလက္ခဏာများ၊ စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစု စောင့်ရှောက်ပုံများနှင့် လိုက်နာကျင့်သုံးရမည့်အချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် မြောင်းမြမြို့ (အ.ထ.က-၁၊ ပညာရတနာခန်းမ) ၌ ၂၀၂၃-၂၀၂၄ ခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးမည့် သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော်မျိုးစေ့ ၊ ဆီထွက်သီးနှံ နေကြာနှင့် မျိုးစပါးများပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ် က လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အခွင့်အလမ်းဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ် (၃)မြို့နယ်မှ တောင်သူကိုယ်စားလှယ် (၃)ဦးကို တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးတို့က ပိုက်ဆံ လျော်မျိုးစေ့၊ နေကြာမျိုးစေ့ ၊ မြေပဲမျိုးစေ့နှင့် နယူးဧရာမျိုးစပါးများ ပေးအပ်သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ် ရှမ်းစုကျေးရွာ ဆင်းသုခ မိုးစပါးစံကွက်(၀ဒသမ၁ ဧက) ရိတ်သိမ်းပွဲအခမ်းအနားနှင့် မဒေါ့ပင်ကျေးရွာ မှော်ဘီ- ၃ မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားများသို့ တက်ရောက်အားပေးကြရာ ဆင်းသုခစပါးမျိုးမှာ တစ်ဧကလျင် စပါးအစို ၁၅၃ဒသမ၆တင်းနှုန်း ၊ စပါးအခြောက် ၁၂၅ ဒသမ ၉၅ တင်းနှုန်းနှင့် မှော်ဘီ- ၃ စပါးမျိုးမှာ တစ်ဧကလျင် စပါးအစို ၁၅၃ ဒသမ ၃ တင်းနှုန်း ၊ စပါးအခြောက် ၁၄၅ ဒသမ ၆၇ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသ၏စိုက်ပျိုးလုပ်ကိုင်မှု ၊ တောင်သူမိသားစုများ၏ လူမှုစီးပွားရေး အခြေအနေ များကို ခင်မင်ရင်းနှီးစွာ မေးမြန်းပြီးလိုအပ်ချက်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်