နေပြည်တော် နိုဝင်ဘာ ၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ကြသူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြား ရေးမှူး ဒေါ်ခိုင်မီမီထွန်းက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၌ ကျင်းပခဲ့သည့် အဌမအကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (8th Eastern Economic Forum) သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ အတွေ့အကြုံများကို လည်းကောင်း၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာအေး က ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၀ ရက်မှ ၃၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ကျင်းပခဲ့သည့် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်အောက်ရှိ နယ်စပ်ဖြတ်ကျော်ခရီး သွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့မှုနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများကိုလည်းကောင်း၊ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများကို ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ပြောကြားရာတွင် ဝန်ထမ်းအားလုံးတက်ကြွစွာ လေ့လာသင်ယူနိုင်သော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ အတွေ့အကြုံရှင်းလင်းပွဲများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ထားကြရန် လိုအပ်ပါကြောင်း၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းအပါအဝင် Digital ခရီးသွားလုပ်ငန်းနှင့် အွန်လိုင်းခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း။
ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးအတွက် မျှော်မှန်းခရီးသွား ဈေးကွက်နိုင်ငံများ နှင့် အစိုးရ-ပုဂ္ဂလိက အချင်းချင်း Virtual Tourism Forum ပြုလုပ်နိုင်ရေးကို စီစဉ်ဆောင် ရွက်သွားရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်း၌လည်း ဈေးကွက်ဝင်နိုင်ငံအလိုက် အထူးပြုအရာထမ်းများ သတ်မှတ်တာဝန်ပေးအပ်ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စာရင်းအင်းအချက်အလက် မှန်ကန်တိကျစွာရရှိရေးမှာ အရေးကြီးသောကြောင့် သုတေသနပြု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များရှိ မြန်မာသံရုံးများသို့ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များ စဉ်ဆက်မပြတ် ပံ့ပိုးပေးရန်လိုအပ်ပါကြောင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရရှိထားသော မြို့များသို့ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြရေးအတွက် မြှင့်တင်ကြောငြာရေးများကို အထူးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
သတင်းစဉ်