နေပြည်တော် နိုဝင်ဘာ ၈
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ညှိနှိုင်းရေးမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ လက်ထောက်နှင့် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး၏ အကြံပေးဖြစ်သူ မစ္စတာ ရှာတီရော့ဗ် ဆာဂေးဗလာမီဒီရိုဗစ်ချ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ၊ ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် နည်းပညာဆိုင်ရာ အထောက်အပံ့ရရှိရေးနှင့် Digital Monitoring Software အသုံးပြုနိုင်ရေး၊ အထွက်နှုန်းကျဆင်းနေသည့် ကုန်းတွင်းရေနံမြေ များနှင့် အလားအလာကောင်းများရှိသော ရေနံမြေများတွင် ရုရှားကုမ္ပဏီများနှင့်ပူးပေါင်း ၍ အထွက်နှုန်းတိုးမြှင့်နိုင်ရေး၊ ကျောက်မီးသွေးသိုက်များအတွင်း ခိုအောင်းနေသည့် သဘာဝဓာတ်ငွေ့များအား တိုက်ရိုက်ထုတ်ယူခြင်း (Coal bed Methane) နှင့်စပ်လျဉ်း၍ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ကူညီပံ့ပိုးပေးနိုင်ရေး၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေ ဩဇာစက်ရုံများ အဆင့်မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ အဖွဲ့မှ တာဝန်ရှိသူများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်