မိုဂါဒစ်ရှူး နိုဝင်ဘာ ၈
ဆိုမာလီယာနိုင်ငံတွင် မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ရေလွှမ်းမှု ဖြစ်ပွားခဲ့သောကြောင့် ၂၉ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၈၅၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
ဂျူဘားနှင့် ရှာဘယ်လီမြစ်ကြောင်းတစ်လျှောက် မြစ်ရေလျှံမှုကြောင့် လူပေါင်း ၃၀၅၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း ဆိုမာလီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီအကြီးအကဲ မိုဟာမက် မိုအာလင်က ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ၂၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာအနာတရ ဖြစ်စေခဲ့ရုံသာမက ပိုင်ဆိုင်မှုများလည်း ပျက်စီးခဲ့ကြောင်း၊ လူပေါင်း ၈၅၀၀၀၀၀ လည်း ရေဘေးဒဏ်ခံစားခဲ့ရကြောင်း မိုဟာလင်က မြို့တော်မိုဂါဒစ်ရှူး၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ဂျူဘားမြစ်ကြောင်းတစ်လျှောက် နောက်ထပ် မြစ်ရေလျှံနိုင်သောကြောင့် ဆိုမာလီယာတောင်ပိုင်း ဒေသများ အထူးသဖြင့် ဂျီဒို၊ ဘာကူးနှင့် ဘေးဒေသများရှိ ပြည်သူများကို သတိဝီရိယနှင့် နေထိုင်ရန် ၎င်းက သတိပေးထားသည်။
ဆိုမာလီယာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ကြောင်းလည်း ၎င်းက နောက်ထပ်သတိပေးထားသည်။ မြစ်ချောင်း အင်းအိုင်များကို အမှီပြုနေထိုင်သူများနှင့် မြေနိမ့်ဒေသများတွင် နေထိုင်သူ ၁ ဒသမ ၂ သန်းခန့် ရေဘေးဒုက္ခနှင့် ကြုံတွေ့နိုင်ကြောင်း ၎င်းက ဆက်လက်သတိပေး ထားသည်။
အရေးပေါ်ကယ်ဆယ်ရေးသမားများသည် ဆိုမာလီယာ တောင်ပိုင်း လုခ်ဒေသ ရေကြီးမှုအတွင်း ပိတ်မိနေသော လူပေါင်း ၂၄၀၀ ကို ကယ်ဆယ်ရန် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကုလသမဂ္ဂညှိနှိုင်းရေးမှူးရုံးက ပြောသည်။
ယခု ဖြစ်ပေါ်လျက်ရှိသော ရေဘေးက ဆိုမာလီယာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေ ဒုက္ခအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။
ဆိုမာလီယာနိုင်ငံတွင် လူပေါင်း ၃ ဒသမ ၇ သန်း အငတ်ဘေးပြဿနာနှင့် ရင်ဆိုင်နေရသည်။ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံဖြစ်နိုင်သောကြောင့် ဖော်ပြပါ ပမာဏမှာ ဒီဇင်ဘာလတွင် ၄ ဒသမ ၃ သန်းအထိ ဆက်လက်မြင့်တက်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဆိုမာလီယာနိုင်ငံသည် မိုးသည်းထန်စွာရွာမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သော ဒေသများကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
ဆင်ဟွာ