ဝါရှင်တန်    နိုဝင်ဘာ    ၈

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က   ဂါဇာကမ်းမြောင်ဒေသ၌ ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကို သုံးရက်ကြာ ရပ်နားထားရန် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

ခေါင်းဆောင်နှစ်ဦးသည် နိုဝင်ဘာ ၆ ရက်က ဂါဇာကမ်းမြောင်ဒေသအရေးနှင့်ပတ်သက်ပြီး တယ်လီ ဖုန်းမှတစ်ဆင့်ဆွေးနွေးပြီးနောက် သမ္မတဂျိုးဘိုင်ဒင် က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဟားမတ်စ်တို့  ဖမ်းဆီးထိန်းသိမ်းထားသည့် ဓားစာခံများ  လွတ်မြောက်ရေး  ကြိုးပမ်းရာတွင် အောင်မြင်မှုရရှိစေရေးအတွက် စစ်ဆင်ရေးဆင်နွှဲမှု မျာကို ခေတ္တရပ်ထားရန် လိုအပ်သည်ဟု ဂျိုးဘိုင်ဒင် က ဆိုသည်။

အမေရိကန်၊ အစ္စရေးနှင့် ကာတာနိုင်ငံတို့သည် ဓားစာခံများ လွှတ်ပေးရေးနှင့် ပတ်သက်၍ အဆိုပြုချက် တစ်ရပ်ကို ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ကာတာနိုင်ငံသည် ဓားစာခံများ လွှတ်ပေးရေး နှင့်ပတ်သက်ပြီး ဟားမတ်စ်နှင့် အခြားအဖွဲ့အစည်းများ အကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်လျက် ရှိသည်။

အဆိုပြုချက်အရ ဟားမတ်စ်သည် ဓားစာခံ ၁၀ ဦးမှ ၁၅ ဦးကို  လွှတ်ပေးခဲ့ပြီး ကျန်ဓားစာခံ အားလုံး၏ အထောက်အထားများကို အတည်ပြုရန် သုံးရက်ကြာ စစ်ဆင်နွှဲမှုများကို ခေတ္တရပ်နားထားမည် ဖြစ်သည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများ၏ အမည်စာရင်းကိုလည်း ထုတ်ဖော်ပြောကြားမည်ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်      နေတန်ယာဟုက ဟားမတ်စ်၏ ရည်ရွယ်ချက်ကို မယုံကြည်ကြောင်း ဘိုင်ဒင်အား  ပြောကြားခဲ့သည်ဟု အမေရိကန်နှင့် အစ္စရေးတာဝန်ရှိသူများက ဆိုသည်။

တိုက်ပွဲများ သုံးရက်ကြာရပ်သွားပါက အစ္စရေးသည် စစ်ဆင်ရေးအတွင်း နိုင်ငံသားများ လက်ရှိရရှိနေ သော နိုင်ငံတကာ  အထောက်အပံ့ကိုဆုံးရှုံးနိုင်သည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုက ဘိုင်ဒင် အားပြောကြားသည်။                    

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်