ဂျေရုဆလင် နိုဝင်ဘာ ၈
အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရန် နိုင်ငံတကာခေါင်းဆောင်များ က အစ္စရေးကို ချက်ချင်းတောင်းဆိုရမည် ဟု ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှာတေရက်က ပြောကြားခဲ့သည်။
၎င်းသည် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခ အဆုံးသတ်ရေးကိုလည်း တောင်းဆိုခဲ့သည်။
၎င်းက နိုဝင်ဘာ ၆ ရက်တွင် အင်န်အိတ်ချ်ကေ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယခု ကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက အစ္စရေး၏ တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ထပ်လောင်း ပြောကြားခဲ့ သည်။ ဂါဇာကမ်းမြောင်ဒေသ၏ လက်ရှိအခြေအနေသည် အလွန်ဆိုးရွားသည်ဟု ၎င်းက ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသတွင် ခိုလှုံသူ များကို အစားအစာဝေမျှပေးရန်နှင့် အမိုးအကာနှင့် သောက်သုံး ရေများ ပံ့ပိုးပေးရန် နေ့စဉ် ထရပ်ကားအစီး ၅၀၀ လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား ခဲ့သည်။
ထို့ပြင် ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ် လမ်းကြောင်းမှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးဝေမှု တိုးလာသင့်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။ ဟားမတ်စ်နှင့် အစ္စရေးတို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်မှာ တစ်လကျော်သွားပြီ ဖြစ်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ