အောက်တိုဘာ ၉

ဖိလစ်ပိုင်နိုင်ငံ မြို့တော်ရှိ လူနေရပ်ကွက်တစ်ခုတွင် ယနေ့မနက်အစောပိုင်းက သုံးနာရီကြာနီးပါးမီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၆၉ နှစ်အရွယ် မိခင်တစ်ဦးနှင့် ၎င်း၏သားဖြစ်သူ အသက် ၄၂ နှစ်အရွယ်တစ်ဦးတို့ သေဆုံးခဲ့ကြောင်း မီးဘေးကာကွယ်ရေးတာဝန်ရှိသူကပြောကြားသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ည ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်တွင်ဖြစ်ပွားခဲ့ပြီး မနက် ၃ နာရီ ဝန်းကျင်တွင်  မီးငြိမ်းသွားကြောင်း မီးသတ်သမားများက ပြောကြားသည်။

ထိုမီးလောင်မှုကြောင့် နေအိမ်အလုံး ၂၀ ထက်မနည်း ပျက်စီးသွားပြီး အိမ်ထောင်စု ၄၀ နီးပါး မီးဘေးသင့်ခဲ့သည်။ သေဆုံးသူနှစ်ဦး၏အလောင်းကို ရေချိုးခန်းနှင့် ဧည့်ခန်းတို့တွင် တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို