နေပြည်တော်၊ နိုဝင်ဘာ ၉

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီး ကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက   အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ၁၉၉၀ ပြည့်နှစ်ကစ၍ ပထမအကြိမ်အဖြစ်  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စတင်ကျင်းပခဲ့ပါကြောင်း၊ ၁၉၉၈ ခုနှစ်တွင် အဋ္ဌမအကြိမ်အဖြစ် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကျင်းပခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်နားသွားခဲ့ပါကြောင်း၊ ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် နေပြည်တော်တွင် နှစ်ကြိမ်ဆက် ကျင်းပပေးခဲ့ပြီး ထပ်မံရပ်နားသွားခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နေပြည်တော်၌ ပြန်လည်ကျင်း ပခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အားကစားနည်း (၄) မျိုးဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်းဖြင့် စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုကျင်းပမည့် ကျောင်းသားအားကစားပွဲတော်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၄) ရက်မှ (၁၅) ရက်အထိ ဘက်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် အားကစားနည်း (၃) မျိုး ထပ်တိုး၍ အားကစားနည်း (၇) မျိုးဖြင့် ကျင်းပပေးမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကို 2024 ASEAN School Game ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ် ကျင်းပခြင်းဖြစ်သည့်အတွက် လုပ်ငန်းစီမံချက်ပါလုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာန တာဝန်ရှိသူအဆင့်ဆင့်က အလေးထားဆောင်ရွက် ကြစေလိုပါကြောင်း၊ ပံ့ပိုးကူညီပေးကြသည့် အခြားဝန်ကြီးဌာနများအနေနှင့်လည်း ဆက်လက် ကူညီဆောင်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ ယခုအကြိမ်ကျင်းပမည့် အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ဖွင့်ပွဲအပါအဝင်ပြိုင်ပွဲဝင် ကာလတစ်လျှောက်လုံး အဆင်ပြေချောမွေ့စွာ ကျင်းပပြီးစီးရေးအတွက် ဆက်စပ်ဌာနများအားလုံး၊ သက်ဆိုင်ရာ အားကစားအဖွဲ့စနစ်များ အားလုံးတို့နှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် မလိုလားအပ်သောပြဿနာများ မပေါ်ပေါက်ရေး အထူးအလေးထား ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က  ကျောင်းသားအားကစားပြိုင်ပွဲ ကျင်းပရန်နေရာနှင့် ပြိုင်ပွဲဝင်အားကစားအဖွဲ့များ တည်းခိုရေး၊ စားသောက်ရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

 

ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်စွာသွင်က လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးထွန်းမြင့်ဦး က ဆွေးနွေးအကြံပြုသည်။

 

ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဌေးက အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကျင်းပရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာသူများက ဆွေးနွေးအကြံပြုကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

 

သတင်းစဉ်