နေပြည်တော်၊ နိုဝင်ဘာ ၉
သဘာဝပေါက်ပင်များ မျိုးစုံတည်ရှိပြီး သီးနှံအမျိုးမျိုးစိုက်ပျိုးဖြစ်ထွန်းသည့် ဧရာဝတီတိုင်းဒေသကြီး၌ အခြေအနေ ပေးသည့်ဒေသတွင် ကော်ဖီတိုးချဲ့ထုတ်လုပ်သင့်ကြောင်း၊ ဂေဟစနစ် ခရီးသွားလုပ်ငန်းအပြင် ကော်ဖီခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးလာရန် အလားအလာကောင်းများ ရှိနေကြောင်း ယမန်နေ့က ငပုတောမြို့နယ် ငရုတ်ကောင်းမြို့၊ မယ်ဇလီ သစ်တောကြိုးဝိုင်း ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် MAGT ကုမ္ပဏီလီမိတက်၏ ကော်ဖီဧက (၃၀၀) စိုက်ခင်းအား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ငပုတောမြို့နယ် ငကွကျေးရွာအုပ်စု ကွင်းအမှတ် ၆၂၇ (ပြင်)၊ တောင်နှာမောင်း (ပြင်)ကွင်းရှိ ပုဂ္ဂလိက ရော်ဘာခြံ၏ ရော်ဘာထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာတွင် နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော ပီလောပီနံ စံပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး ပီလောပီနံမှ ပီလောပီနံအမှုန့်၊ သာကူစသည့် ကုန်ချောထုတ်လုပ်ခြင်းတွင် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး၊ ပီလောပီနံ စိုက်ပျိုးရာတွင် ဘောင်တင်ခြင်း၊ ရေသွင်း၊ ရေထုတ်ခြင်းနှင့် ကြားပေါင်းလိုက်ခြင်းတို့အတွက် လိုအပ်သည့် အသေးစား စက်ကိရိယာများ ပုံစံထုတ်ထုတ်လုပ် အသုံးပြုနိုင်ရေးတို့အတွက် စက်မှုလယ်ယာ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
အလားတူ ဓနုဖြူမြို့နယ် ဖုန်းဆိုးတောင်ကျေးရွာအုပ်စု၊ ယင်းကတစ်ကျေးရွာ ယိုးဒယား အုန်းချိုမွှေး ဧက (၁၈၀) စိုက်ကွင်း၏ ဖြစ်ထွန်းအောင်မြင်နေမှုနှင့် ပန်းတနော်မြို့နယ် ဉတိုကျေးရွာရှိ ထူးထက်ဟန်ကုမ္ပဏီက ဆောင်ရွက်လျက်ရှိသည့် အသားတိုးဝက်မွေးမြူရေး လုပ်ငန်းကို ကြည့်ရှုစစ်ဆေး အားပေးပြီး ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုတိုးတက်ရေးအတွက် သက်ဆိုင်သူများအားလုံး ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်