ရန်ကုန် ၂၀ ဖေဖော်ဝါရီ
၂၀၁၉ ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်လျက်ရှိသည်။
ယင်းပြိုင်ပွဲကို မတ် ၂ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အာဆီယံဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ကျင်းပခြင်း ဖြစ်သည်။
ယင်းပြိုင်ပွဲကို ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သောကြောင့် ဗိုလ်လုပွဲကျင်းပမည် မဟုတ်ဘဲ အုပ်စုပတ်လည်ပွဲများသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် မြန်မာ၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉၊ အုပ်စု (ခ) တွင် ဂျပန်ကလပ် ဗစ်ဆဲအိုနီဂါဝါ၊ လာအို၊ မလေးရှား၊ စင်ကာပူနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။
ယခုပြိုင်ပွဲမှာ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သောကြောင့် အုပ်စုပွဲများကို ဆက်တိုက် ကစားရမည်ဖြစ်ပြီး မြန်မာအသင်းသည် မတ် ၂ ရက် တွင် ဗီယက်နမ်၊ မတ် ၃ ရက်တွင် ဂျပန်၊ မတ် ၄ ရက်တွင် ဂျပန်ကလပ် အိုကီနာဝါ ယူ-၁၉ အသင်း၊ မတ် ၅ ရက်တွင် ထိုင်းအသင်းနှင့် လေးရက်ဆက်တိုက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာအသင်းသည် လေးရက်ဆက်ကစားရမည် ဖြစ်သောကြောင့် ပွဲပန်းမှုဒဏ်ကို ကြိုတင်ပြင်ဆင်နိုင်ရန် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ခြေစမ်းပွဲ လေးပွဲဆက်ကစားကာ ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို ဒေါ်သက်သက်ဝင်းက နည်းပြချုပ်အဖြစ် ကိုင်တွယ်နေပြီး ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်