နေပြည်တော်၊ နိုဝင်ဘာ ၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ၌ နိုဝင်ဘာ ၆ ရက်တွင် အမှတ် (၂) လမ်းမကြီး၊ ရွာသာကြီးတိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Atlas ကားတာယာအလုံး (၁၀၀) အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၃၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမကြီး၊ (ဆ) ရပ်ကွက်ရှိ မြတ်မွှေးအရက်မျိုးစုံ ရောင်းဝယ်ရေးဆိုင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Leo Beer (၄၈၀) ပုလင်း၊ Spy (အနက်) (၂၈၈) ပုလင်း အပါအဝင် ကုန်ပစ္စည်း (၄) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၃၃,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇,၄၈၃,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၆ ရက်တွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ တရားမဝင် မီးသွေးအိတ် အိတ် (၈၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၀၀,၀၀၀)၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၌ တရားမဝင် အခြားသစ် (၀ ဒသမ ၈၅၈) တန်နှင့် သစ်ခုတ်ရာတွင် အသုံးပြုသည့် လက်ကိုင်စက်လွှ တစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၇,၇၅၀) နှင့် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ တရားမဝင် အခြားသစ် (၁ ဒသမ ၆၄၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂,၆၇၈) ကိုလည်းကောင်း၊နိုဝင်ဘာ၇ ရက်တွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ တရားမဝင် အခြားသစ် (၈ ဒသမ ၁၆၄) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၁,၅၃၆)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၃၉၁,၉၆၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၃) လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Sport Shirt အင်္ကျီ အထည် (၁၂၀) ၊ Japanese Whiskey (၃၂) ပုလင်း၊ Body Shower ရေချိုးဆပ်ပြာဘူး (၂၂၀)၊ Collagen ပုလင်း (၅၄၀၀)၊ PP Woven Bags ဆာလာအိတ် ကီလိုဂရမ် (၄၀၀၀) အပါအဝင် ကုန်ပစ္စည်း (၃၉)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၁၉,၆၈၂,၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် PVC Flooring ကီလိုဂရမ် (၄၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၈၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Faw Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉,၇၆၂,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သည်။

mdn

 

ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမော်မြို့နယ်၊ (၅) မိုင် စီဟဲ စုပေါင်းစစ်ဆေးရေး ဂိတ်၌ လွယ်ဂျယ်မြို့မှ ဗန်းမော်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထွက် အာလူးအိတ် (၁၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Lifan Dump Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄,၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် နိုဝင်ဘာ ၈ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် VIVO (Y3) ဖုန်း (၇၆) လုံးနှင့် ကလေးစီးစက်ဘီး (၁၀) စီး အပါအဝင် ကုန်ပစ္စည်း (၂၃) မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆,၇၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၈၄ x ၈၅ လမ်းကြားရှိ ကုန်စုံဆိုင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ပုစွန်တစ်ကောင် စားအုန်းဆီ (၁၈) လီတာပါ (၂၈) ဘူး အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၇၂၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ နိုဝင်ဘာ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၁) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆,၅၅၆,၉၆၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

သတင်းစဉ်