နေပြည်တော်၊ နိုဝင်ဘာ - ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. Alexander Sergeevich SHATIROV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ အမှုဆောင်အရာရှိချုပ် Mr. Alexander Sergeevich SHATIROV နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ရုရှား-မြန်မာနှစ်နိုငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာမှု အခြေအနေများ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံမှတွင်းထွက်သတ္တုများ ထုတ်လုပ်ရေးနှင့် တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ စွမ်းအင်ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝသယံဇာတများ ထိန်းသိမ်းနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြား ရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်