ဂါဇာ၊ နိုဝင်ဘာ ၉

 

ဟားမားစ် စစ်သွေးကြွများနှင့် တိုက်ပွဲများ ပြင်းထန်နေချိန် အစ္စရေးစစ်ဘက်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဒေသခံများကို  တောင်ပိုင်းသို့ ပြောင်းရွှေ့ရန်  ပြောကြားလိုက်သည်။ တောင်ပိုင်းသို့ လူထောင်ချီ  ပြောင်းရွှေ့ပြီးဖြစ်ကြောင်းလည်းသိရသည်။

 

အစ္စရေးစစ်တပ်က နိုဝင်ဘာ ၈ ရက်က  ဟားမားစ်တို့၏ မြေအောက်ဥမင်လိုဏ်ပေါက်  ၁၃၀ ခန့်ကို ဖျက်ဆီးခဲ့ကြောင်း ပြောသည်။ အစ္စရေးတပ်ဖွဲ့များသည် အထူးသဖြင့် ဂါဇာမြောက်ပိုင်းရှိ  ဥမင်လိုဏ်ခေါင်းများကို လေကြောင်းတိုက်ခိုက်မှုများနှင့်သာမက လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အရှိန်အဟုန်ဖြင့် ဖျက်ဆီးလျက်ရှိသည်။

 

လူများ နားခိုရာနေရာဖြစ်သည့်  ဆေးရုံများနှင့် တခြားနေရာများသည်လည်း ပစ်ခတ်မှုခံနေရသည်။ ဆိုးရွားစွာ လောင်စာဆီ ပြတ်တောက်မှုများက ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၏ ဆောင်ရွက်ချက်များကို ခြိမ်းခြောက်လျက်ရှိသည်။ အတွင်းလူနာဆောင် ပါရှိသည့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံ ၄၀ ရာခိုင်နှုန်း ခန့်ကို ပိတ်သိမ်းခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

 

ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ဂါဇာနှင့် အီဂျစ်ကြား နယ်စပ်ဖြတ်ကျော်ရေး ဂိတ်တွင်လည်း ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

 

နိုင်ငံခြားသားများ ပါသည့် ပြောင်းရွှေ့မှုများကို နိုဝင်ဘာ ၁ ရက်က စတင်လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ယာယီပိတ်ခဲ့ရာမှ ယခုတစ်ဖန် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်သည်။

 

တချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ဂါဇာဒေသမှ မည်သည့်နည်းနှင့်မျှ ပြောင်းရွှေ့ မည်မဟုတ်ကြောင်း ပြောခဲ့သည်။

 

ဂါဇာ ကျန်းမာရေးအာဏာပိုင်များက ယခုအချိန်အထိ ဂါဇာတွင် လူပေါင်း ၁၀၅၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်းနှင့် အစ္စရေးတွင် ၁၄၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြောခဲ့သည်။

 

အင်န်အိတ်ချ်ကေ