နေပြည်တော် နိုဝင်ဘာ ၁၀
မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ဒုတိယနေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC–II)၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ အမျိုးသား ပို့ကုန်မဟာဗျူဟာ ရော်ဘာလုပ်ငန်းကဏ္ဍ ပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရော်ဘာပညာရှင်များ၊ မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း၊ မြန်မာ့သဘာဝ ရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေး အသင်း၊ ရော်ဘာအဝယ်ဒိုင်များ၊ ပြုပြင်ထုတ်လုပ်သည့်စက်ရုံများ၊ ရော်ဘာအခြေခံ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်သူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အခမ်းအနား ပထမနေ့ ဒုတိယပိုင်းအစီအစဉ်တွင် အဖွဲ့လိုက်ဆွေးနွေးခဲ့ကြမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့ ကိုယ်စားလှယ်များက လုပ်ကွက်ငယ်ခြံ၊ ခြံကြီးများ၏ ယှဉ်ပြိုင် နိုင်စွမ်းနှင့် ထုတ်လုပ်နိုင်စွမ်းအား မြင့်မားစေခြင်းဖြင့် ထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးချက်ရလဒ်များ၊ ရေရှည်ယှဉ်ပြိုင် နိုင်စွမ်းရှိသော ရော်ဘာတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် ကဏ္ဍ ပေါ်ထွန်းရေးအတွက် အရေးကြီးသော အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆိုင်ရာ ဆွေးနွေးချက် ရလဒ်များ ၊ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒအဖွဲ့အစည်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပံ့ပိုးမှုများဆိုင်ရာ အဖွဲ့လိုက်ဆွေးနွေးချက် ရလဒ်များကို တင်ပြကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး များနှင့် အမြဲတမ်းအတွင်းဝန်တို့က မြန်မာရော်ဘာဖိုရမ်-၂၀၂၃ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းပေး ခဲ့ကြသည့် ပညာရှင်များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ မြန်မာရော်ဘာဖိုရမ်-၂၀၂၃ သို့ တက်ရောက်လာကြသော ရော်ဘာ စိုက်ပျိုး ထုတ်လုပ် သူများ၊ ရော်ဘာကုန်ချော ထုတ်လုပ်သူများ၊ ရောင်းဝယ်သူများ အပါအဝင် လုပ်ငန်းစဉ်ကွင်းဆက်တစ်လျောက်တွင် ပါဝင်သူများအားလုံးက မိမိတို့၏ ကိုယ်ပိုင်အချိန်များပေး၍ မြန်မာရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆွေးနွေး အမြင်ချင်းဖလှယ်၍ ကာလတို ကာလရှည် ဆောင်ရွက်သွားမည့် လုပ်ငန်းများချမှတ်အတည်ပြု နိုင်မှုအပေါ် များစွာဝမ်းမြောက်ဂုဏ်ပြု ပါကြောင်း ပြောကြားသည်။
မြန်မာရော်ဘာဖိုရမ်-၂၀၂၃ တွင် ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်စု(၃)ခု ၏ ဆွေးနွေးချက် များအပေါ် သုံးသပ်၍ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းများအဖြစ် ကာလတိုဆောင်ရွက်မည့် လုပ်ငန်း(၁၂)ချက် ၊ ကာလရှည် ဆောင်ရွက်မည့် လုပ်ငန်း(၉)ချက် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ ရော်ဘာထုတ်လုပ်သည့် ဒေသများတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ ကုန်ချောထုတ်လုပ်သူ စသည့် အလွှာစုံပါဝင်သော ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပသွားမည့်ဖြစ်ကြောင်းနှင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာ (Sustainable Natural Rubber - SNR) အား တိုးချဲ့ဆောင်ရွက်သင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
(သတင်းစဉ်)