နေပြည်တော် နိုဝင်ဘာ ၁၀

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများနှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စီမံကိန်းလျာထားချက်များကို ပြည့်မီပြီးတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Priduct)ဖြစ် အောင် အမြဲစစ်ဆေးကြပ်မတ်ပြီး တိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊  စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှထွက်ရှိသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ရည်မှန်းချက် ပန်းတိုင်ထွက်ရှိရေးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးပြီးနိုင်ငံစီးပွားမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင်အထွက်နှုန်းများတိုးတက်ရေးအတွက် မြေကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိ ရေး၊သွင်း အားစုများအပြည့်အဝရရှိရေး၊ ရေရရှိရေးနှင့် နည်းပညာများရရှိရေးကို ထိထိရောက်ရောက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုး​ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိရိုးဖလာ စိုက်ပျိုးနည်းမှ စနစ်တကျလယ်ယာမြေများဖော်ထုတ်ပြီး ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကို အခြေခံသည့် MSMEလုပ်ငန်းများ အောင်မြင်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်ရုံအလုပ်ရုံများတွင် ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ စက်စွမ်းအားပြည့်လည်ပတ်နိုင်ရေး၊ ကုန်ထုတ်စွမ်းအားများ တိုးတက် ရေးကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ခရိုင်စိုက် ပျိုးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းဆီထွက် သီးနှံစီမံကိန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်းများအခြေအနေ၊ ခရိုင်/မြို့နယ်များအလိုက် ဆောင်းဆီထွက်သီးနှံ စီမံကိန်းဆောင်ရွက် မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဆောင်းဆီထွက်သီးနှံ စီမံကိန်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)