နေပြည်တော် နိုဝင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း) မှ စမ်းသပ်ထုတ်လုပ်သည့် အပေါ့စား လက်ဆွဲကောက်စိုက်စက် တတိယအကြိမ် လက်တွေ့သရုပ်ပြ ကောက်စိုက်ခြင်းကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန စိုက်ကွင်း ၌ ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
သရုပ်ပြပွဲတွင် အင်ဂျင်ပါဝါ (၂)ကောင်အားဖြင့် စိုက်တန်း ၆ တန်း စိုက်နိုင်သည့် လက်ဆွဲကောက်စိုက်စက် (၃)မျိုး နှင့်ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွန်းအေး နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ သရုပ်ပြပွဲ တက်ရောက်လေ့လာသူတောင်သူက ကိုယ်တိုင်စမ်းသပ် အသုံးပြုပြီး လက်ဆွဲကောက်စိုက်စက် တစ်ခုချင်းစီ၏ လက်တွေ့အသုံးပြုမှု အတွေ့အကြုံနှင့် အားသာချက်အားနည်းချက်များ ၊ တစ်နှစ်သုံးသီးစိုက်ပျိုးရာတွင် ရာသီချိန်မီ ဆောင်ရွက်နိုင်ရန် တောင်သူများအနေဖြင့် ကောက်စိုက်စက်အသုံးပြုရန် လိုအပ်သဖြင့် ယခုကဲ့သို့ တောင်သူလက်လှမ်းတမီဈေးနှုန်းဖြင့် ဝန်ပေါ့အလုပ်တွင်ကျယ်သော စက်ကိရိယာများ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းအတွက်ဝမ်း မြောက်စွာကြိုဆိုပါ ကြောင်းတင်ပြသည်။
စက်မှုလယ်ယာဦးစီးဌာန လယ်ယာသုံးစက်ကိရိယာစက်ရုံ(အင်းကုန်း)က စမ်းသပ် ထုတ်လုပ်သည့် အပေါ့စား လက်ဆွဲကောက်စိုက်စက် ကို တောင်သူများ အသုံးပြုရန် သင့်တော်ကောင်းမွန်သည်အထိ မွမ်းမံမှုများဆောင်ရွက်ပြီးပါက ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းပေးအပ်ပြီး တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီးများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး နှင့် ပြည်နယ် ဦးစီးမှူးများကိုတွေ့ဆုံ၍ နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီအုန်းနှင့် ရော်ဘာကဲ့သို့ နှစ်ရှည်ပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင် ပင်ပျိုများ အစားထိုး စိုက်ပျိုးရာ၌ ခုတ်လှဲရှင်းလင်းသည့် ပင်အိုများအား အလေအလွင့်မရှိ အသုံးချနိုင်မည့် နည်းလမ်းများ အသုံးပြုရန် လိုအပ်ချက်များ၊ ကော်ဖီသီးနှံစိုက်ပျိုးရာတွင် ပို့ကုန်အတွက်သာမက ပြည်တွင်းစားသုံးသူအကြိုက် ကော်ဖီမျိုးများတိုးချဲ့စိုက်ပျိုး၍ သွင်းကုန် အစားထိုးနိုင်ရေး ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်