နေပြည်တော် နိုဝင်ဘာ ၁၁
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၆) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (Technical Working Groups) များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ စုံညီစွာတက်ရောက်ကြသည်။
အစည်းအဝေးတွင် မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော သီးနှံထုတ်လုပ်မှုစွမ်းအား မြင့်မား စေရေးအတွက် မျိုးစေ့အပါအဝင် သတ်မှတ် စံချိန်စံညွှန်းများနှင့် ပြည့်မီသော သွင်းအား စုများ တောင်သူများလွယ်ကူစွာ ရရှိသုံးစွဲနိုင်ရေးကို သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း။
တောင်သူလယ်သမားများ သွင်းအားစုမျိုးစေ့များကို လွယ်ကူအဆင်ပြေစွာရရှိ သုံးစွဲနိုင်ရေးအတွက် ပံ့ပိုးကူညီ စီမံဆောင်ရွက်ရန်ဆိုသည့် ပြဌာန်းချက်နှင့်အညီ တောင်သူများ မျိုးလိုအပ်ချိန်မှာ လိုအပ်သည့် မျိုးစေ့ပမာဏကို လွယ်ကူစွာဝယ်ယူ ရရှိနိုင် ရန် အလွယ်တကူချိတ်ဆက်နိုင်မည့် ကွန်ယက်တစ်ခုဖန်တီးပေးရန် လိုအပ်လျက် ရှိကြောင်း၊ သီးနှံများ၏မျိုးသစ်များနှင့် အရည်အသွေးမီမျိုးစေ့များကို ဖြန့်ဖြူး ရာတွင် ပြည်ပနိုင်ငံများမှ မျိုးများကို မဖြစ်မနေမှသာ ဝယ်ယူတင်သွင်းသင့်ကြောင်း၊ မိမိတို့ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန တက္ကသိုလ်တို့မှ သီးနှံမျိုးသစ်များ မွေးမြူရေးနှင့် မျိုးသန့်ထုတ်လုပ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီအနေဖြင့် မျိုးသစ်များ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စံချိန်စံညွှန်းပြည့်မီသော မျိုးစေ့များ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်စေရန် ၊ မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိပြီးသော သီးနှံမျိုးများအား တင်သွင်း၊ ဖြန့်ဖြူး၊ တင်ပို့ခြင်းလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန် နှင့် မျိုးစေ့စီးပွားရေးလုပ်ငန်းများတွင် မသမာမှုများ ကာကွယ်နိုင်စေရန် မျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိရာ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ ၏ (၂၅) ကြိမ်မြောက် အစည်းအဝေးအထိ လယ်ယာ သီးနှံ (၆၄၄) မျိုး၊ ဥယျာဉ်ခြံသီးနှံ (၇၄၈) မျိုး၊ စက်မှုသီးနှံ (၁၃၂) မျိုးနှင့် မိဘမျိုးလိုင်း (၁၈၇) စုံ၊ စုစုပေါင်း (၁၇၁၁) မျိုးကို မျိုးစေ့မှတ်ပုံတင်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၆) ကြိမ်မြောက် အစည်းအဝေး တွင် သက်ဆိုင်ရာ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များ (Technical Working Group) နှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ (TSC) တို့က အဆင့်ဆင့်စိစစ်၍ တင်ပြလာသော စမ်းသပ်စိုက်ပျိုးအဖြေရရှိပြီး၊ သီးနှံ (၆) မျိုး၏ မျိုးသစ်မျိုးဖျား (၄၁) မျိုး၊ လိုအပ်သော အချက်အလက် အပြည့်အစုံဖြင့်တင်ပြလာသည့် သီးနှံ (၂၇) မျိုး၏ မျိုးသစ်မျိုးဖျား (၈၉) မျိုးနှင့် မိဘမျိုးလိုင်း(၈)စုံ စုစုပေါင်းမျိုးသစ်(၁၃၈)မျိုးတို့နှင့် စပ်လျဉ်း၍ မျိုးသစ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်