ရန်ကုန် နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက  ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇) (မြို့ပတ်)လမ်းမကြီးရှိ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) ဆေးရုံဝင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက်   ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်းအင်အားဖြင့် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဆေးရုံဝင်းအတွင်း/အပြင် ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ဆောင်ရွက်နေမှု ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။ 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ စစ်ပင်မြောက်ရွာရှိတော်သမတ် ရေထိန်းတံခါးနှင့် ရေကျော်ရွာရှိ ရေထိန်းတံခါးများသို့ သွားရောက်၍  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရေပေးဝေရေးမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေထိန်းတံခါးများတွင် ပိတ်ဆို့နေသည့် အမှိုက်၊ ဒိုက်၊ ဗေဒါများ ဆယ်ယူရှင်းလင်းရန်၊ ရေလမ်းကြောင်းဖွင့်ပေးရန်၊ ရေထိန်းတံခါးကြံ့ခိုင်‌ရေးအတွက် ဆေးသုတ်မွမ်းမံရန်၊ ‌ရေထိန်းတံခါးရေမြောင်း ဝဲ/ယာ  မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန် မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စက်မှုဇုန်သို့ သွားရောက်၍ စက်မှုဇုန်ရေမြောင်း ဝဲ/ယာတွင် မီးသတ်ရေစုကန် တူးဖော်နေမှု၊ ရေမြောင်းဖြတ်သန်းရာ သံချပ်ဝန် ဦးညွန့်လမ်းပေါ်တွင်    Box Culvert တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ အလုံလမ်းနှင့် ပြည်လမ်း ထောင့်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ ဂိတ်(၄)ဝင်ပေါက် အထိ အစိုးရအဖွဲ့ရုံး ဘက်ခြမ်းတွင် လမ်းသားတိုးချဲ့ ကွန်ကရိခင်းကျင်းနေမှုနှင့် လူသွားစင်္ကြံခင်းကျင်းရန် ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး အောင်ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်