ရန်ကုန် နိုဝင်ဘာ ၁၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ဒဂုံတက္ကသိုလ်၏ ၃၂ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပသည်။

ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ် အသီးသီးမှပါမောက္ခ ဌာနမှုးများနှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရယူမည့်ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် အသီးသီးနေရာယူကြကာ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင် က အထူးပြုဘာသာရပ်အသီးသီး မှ ဘွဲ့ရရှိသူများကို ဘွဲ့လက်မှတ်များ အပ်နှင်းသည်။

ဒဂုံတက္ကသိုလ်၏ (၃၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းဖြင့် နှစ်ပိုင်း ခွဲ၍ ကျင်းပခဲ့ပြီး နံနက်ပိုင်းတွင် ဘွဲ့ရရှိသူ(၄၅၆)ဦးနှင့် မွန်းလွဲ ပိုင်း၌ (၄၅၇)ဦး တက်ရောက်ခဲ့ရာ စုစုပေါင်း (၉၁၃) ဦးကို ဘွဲ့လက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)