နေပြည်တော် နိုဝင်ဘာ ၁၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ပွဲစားကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်း  ကုန်စည်ဒိုင်သို့ရောက်ရှိပြီး ကုန်စည်ဒိုင်အတွင်း ခင်းကျင်း ပြသထားသည့် ပြည်ပပို့ကုန်၊ ပဲမျိုးစုံများအား ကြည့်ရှုလေ့လာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပဲ၊ ပြောင်း၊ နှမ်း ကုန်သည်များအား ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ရန်၊ ပဲ၊ ပြောင်း၊ နှမ်း ပြည်ပသို့ တင်ပို့ရာတွင် စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီစေရေး စနစ်တကျ ဆောင်ရွက်ရန်နှင့် လယ်ယာထွက်ကုန် ပစ္စည်းများအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်တင်ပို့ရောင်းချရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမရပူရမြို့နယ်ရှိ “မဟာစံပြနွယ်” ဆန်စက် သို့ရောက်ရှိပြီး ဆန်ကြိတ်ခွဲထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး ဆန်စက်ကောင်းမှ ဆန် အရည်အသွေး ကောင်းမည်ဖြစ်သဖြင့်  ခေတ်မီနည်းပညာအသုံးပြု၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဆန်အရည်အသွေးကောင်းမှ စျေးကွက်စျေးကောင်း ရရှိမည်ဖြစ် ကြောင်း၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဆင့်မြင့်ဆန်စက်များ တည်ဆောက် ၍ ထုတ်လုပ်မှုအပိုင်းကို ပိုမိုကောင်းမွန်းအောင် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။ 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ “စိန်လမင်း”ပဲခွဲစက်ရုံသို့ ရောက်ရှိပြီး ပြည်ပတင်ပို့ရန် ပဲများကြိတ်ခွဲ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန် ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း ညီညွတ်စွာဆောင်ရွက်ရန်နှင့် ပဲကုန်ချော ပြည်ပတင်ပို့မှု လွယ်ကူ ချောမွေ့စေရေးအတွက် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့၊ မြစ်ငယ်ကုန်းတွင်းဆိပ်ကမ်းရှိ KM Terminal and Logistics Limited  နှင့် Resources Group Logistics Company Limited (RGL) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး Dry Port အတွင်းရှိ  Bonded Ware House ၌ ကုန်ပစ္စည်းများ ဝင်ရောက်မှု၊ သိုလှောင်မှု၊ အဝေးသို့သယ်ဆောင်မှုနှင့် ပြည်ပသို့တင်ပို့မှု လုပ်ငန်းစဉ်များတွင် အကောက်ခွန်ဦးစီးဌာနမှ သတ်မှတ်ထားသည့် Bonded Ware House လုပ်ထုံးလုပ်နည်း၊ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ဆောင်ရွက်ရန် မှာကြားသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီရုံးခန်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းလို အပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းကလည်း ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီး တိုင်းစစ်ဌာနချုပ် ရန်ကြီးအောင် ဧည့်ရိပ်သာ၌ တွေ့ဆုံပြီး ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်