မောင်လူမွှေး(မြန်မာမှု)
ဗုဒ္ဓဘာသာနှင့် ဆယ့်နှစ်လရာသီပွဲတော်များသည် အနည်းနှင့်အများဆိုသလို တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ် ပတ်သက်မြဲ ဖြစ်ပေသည်။ သီတင်းကျွတ်လတွင် အဘိဓမ္မာအခါတော်နေ့၊ ပဝါရဏာပွဲတော်၊ တာဝတိံသာ ဆီမီးပူဇော်မီးပုံးပွဲနှင့် လူကြီးမိဘများကို ကန်တော့သော မင်္ဂလာမှုပွဲများ ကျင်းပကြလေသည်။
သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်သည် တာဝတိံသာမှ သင်္ကဿမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုအခြင်းအရာကို မြန်မာမှုနယ်ပယ်တွင် ရုပ်လုံးရုပ်ကြွ၊ ပန်းချီကား၊ စာအလင်္ကာများဖြင့် ခေတ်အဆက်ဆက် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖော်ဆောင်ခဲ့ကြပေသည်။ ပိဋကတော်လာ စာပေများအရ ဗုဒ္ဓဘုရားရှင်ကြွလာသည့် ပတ္တမြား စောင်းတန်း၊ နတ်အပေါင်းကြွလာသည့် လက်ယာဘက်ရွှေစောင်းတန်း၊ ဗြဟ္မာများကြွလာသည့် လက်ဝဲဘက် ငွေစောင်းတန်း၊ ပဉ္စသိင်္ခဂန္ဓဗ္ဗနတ်၏ ဗေဠုဝစောင်း၊ သုယာမနတ်မင်း၏ စာမရီသားမြီးယပ်၊ သန္တုသိတနတ်မင်း၏ ပတ္တမြားယပ်ဝန်း၊ သိကြားမင်း၏ ဝိဇယုတ္တရခရုသင်း၊ သဟံပတိဗြဟ္မာကြီး၏ ထီးဖြူတော်၊ မာတလိနတ်သား၏ မွှေးပျံ့ သောရနံ့များ၊ ဘုရားရှင် လူ့ပြည်သို့အရောက် လက်ယာခြေတော်ကို ချတော်မူရာ ရှင်သာရိပုတ္တရာမထေရ်က ရှေးဦးစွာပူဇော်ပုံတို့သည် နောင်သော် ဗုဒ္ဓဘာသာမြန်မာယဉ်ကျေးမှုနယ်ပယ်တွင် ခရုသင်း၊ သားမြီးယပ်၊ ထီးဖြူတော်၊ ခြေတော်ရာစသည့် မြန်မာမှုများအဖြစ် တည်ရှိလာလေတော့သည်။
တာဝတိံသာပွဲ ပန်းချီပုံကို ပုဂံဒေသ မြင်းကပါဂူပြောက်ကြီးဘုရားတွင် နံရံဆေးရေးပန်းချီကား အနေဖြင့် ဦးစွာတွေ့ရပေသည်။ ပိဋကတော်စာပေ (အဋ္ဌသာလီနီအဋ္ဌကထာ (၁၈) ဓမ္မသင်္ဂဏီများ ဋီကာ (၁၈) အဋ္ဌသာလီနီ ယောဇနာ (၂၂) ကျမ်း) တို့ကို မှီငြမ်း၍ ဗုဒ္ဓဘုရားရှင် သင်္ကဿမြို့သို့ ကြွရောက်ချိန်တွင် ယနေ့ခေတ် အိန္ဒိယစံတော်ချိန် မွန်းလွဲ ၂ နာရီမှ ၆ နာရီအတွင်းသာ ဖြစ်နိုင်ကြောင်းကို ဆရာကြီး ဓမ္မာစရိယ ဦးအေးနိုင်က သုံးသပ်ပြထားသည်ကိုလည်း တွေ့ရပေ သည်။ (မီးထွန်းသည့် အချိန်မဟုတ်ဟု ဆိုလိုပေသည်) ဤသို့ မီးထွန်း ခြင်းအကြောင်းအရာသည် ခေတ်အဆက်ဆက်တွင် ဝိဝါဒကွဲပြားခဲ့ရာ လင်းပါးဖွယ်ရှိရာ၏။
ဤသို့ လင်းပါးဖွယ်ရှိ၍ ကုန်းဘောင်ခေတ် ဘိုးတော်ပဒုံမင်းတရားကြီး မေးလျှောက်ချက်ကို ပထမမောင်းထောင်သာသနာပိုင် ဆရာတော်က အမေးတော်ဖြေကျမ်းတွင် ဖြေဆိုထားပေသည်။ သက္ကရာဇ် ၁၁၅၀ ပြည့် တော်သလင်းလပြည့်ကျော် ၁၃ ရက် စနေနေ့ (၂၈-၉-၁၇၈၈) ထိုအမေးတော်ပုံ သဘောအဖြေကို အကျဉ်းတင်ပြရပါက-
“ဇာတ်နိပါတ်များတွင် ကြတ္တိကာသဘင်ရှိကြောင်းကို ဥမ္မဒန္တီ ဇာတ်တော်အရ သိရသည်။ ရှင်မဟာရဋ္ဌသာရက “မီးပန်းပွင့်တုန်း တန်ဆောင်မုန်း” ဟူ၍ ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် ရေးစပ်ခဲ့ကြောင်း၊ ယခု ဆီမီးမြင်းမိုရ်ပွဲသည် တန်ဆောင်တိုင်ရော၊ သီတင်းကျွတ်ရော ပူဇော်ကြသည်။ ဗုဒ္ဓဝင်လာသည့်အတိုင်း တာဝတိံသာမီးထွန်းပွဲ ကို သာလွန်မင်းလက်ထက်တွင် စတင်ခဲ့သည်ဟု သုံးသပ်ကြောင်း၊ ထို့ကြောင့် ယခုကျင်းပသော သီတင်းကျွတ်လတွင်ပင် ကျင်းပခြင်းက မှန်သလော၊ ကြတ္တိကာနက္ခတ်နှင့်ယှဉ်သော တန်ဆောင်မုန်းလတွင် ကျင်းပသင့်သလောဟု မေးလျှောက်ထားလေသည်။”
ဆရာတော် ဖြေဆိုချက်ကို တင်ပြရပါက -
“သီတင်းကျွတ်လ မီးပူဇော်ကြောင်းကို ဇာတ်နိပါတ်ကျမ်းဂန် တို့၌မလာ။ တန်ဆောင်မုန်းလ ကြတ္တိကာနက္ခတ်နှင့် ယှဉ်သော ပွဲသဘင်သာလာသည် (ဥမ္မဒန္တီဇာတ်မှ ၅-၂၂၄)။ သို့သော် နက္ခတ်နှင့် ယှဉ်သောသဘင်၊ ဥတုဆန်းစသဘင်၊ ရာသီနှင့်ယှဉ်၍ ပန်းပွင့်ချိန် သဘင်များရှိကြောင်းကို ဝေဿန္တရာဇာတ်တွင် ဆိုသည်နှင့်အညီ ရေမြေသနင်းမင်းတို့ အဦးမူ၍ ပြုသည့်သဘင်မှာ အစဉ်ထုံးစံကာလ ရှိသင့်သည်။ ရတနာသုံးပါးကို စွဲ၍ပြုသည်ဖြစ်စေ၊ နက္ခတ်ကိုစွဲ၍ဖြစ်စေ နက္ခတ်ယှဉ် ဥတုဆန်း၊ ပန်းပွင့်ချိန်များနှင့် သင့်အောင်ခံလျှင် မည်သည့်နက္ခတ်သဘင်၊ ဥတုသဘင်၊ ပန်းသဘင်ဟုဆိုသင့်တော့သည်။ သီတင်းကျွတ်လ ရွှေဆင်၊ ငွေဆင်၊ ဆင်ရုပ်၊ မြင်းရုပ်စသည့် အလှူတော် များကိုလည်း ကျမ်းဂန်တွင်ဆင်လှူသည်၊ မြင်းလှူသည်ဆိုသည့်ထုံးစံ များကိုစွဲ၍ ရှေးမင်းတို့လက်ထက် အစဉ်လှူဒါန်းခြင်း ထုံးစံဖြစ်သည် ဟုယူရန် ရှိသည်။” (အမေးတော်ဖြေ-စာ-၂၈၄/၂၈၅)
ဆရာတော်၏အဖြေမှာ “ရာဇာပဓာနံ မင်းပြဋ္ဌာန်းချက်” သာ အဓိကဖြစ်ကြောင်း၊ ရာသီပြောင်း၊ နက္ခတ်ပြောင်းအရလည်း ကျင်းပနိုင်ကြောင်းကို ဖြေကြားတော်မူထားသည်။ မည်သို့ဖြစ်စေ ဤအမေးတော် ဖြေကျမ်းစာအရ တာဝတိံသာ မီးထွန်းပွဲသည် သာလွန်မင်းတရားကြီး လက်ထက်တွင်ရှိနေပြီဟု သမိုင်းအရသိရှိရလေသည်။
ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက် သီတင်းကျွတ် ပွဲတော်ဆင်နွှဲကြပုံကို စာဆိုတော်ဦးယာက လူးတားစာ အလင်္ကာဖြင့် ရေးစပ်ခဲ့လေသည်။
လူးတားရေးစပ်နည်းမှာ အက္ခရာသုံးလုံး အစချီ၍ရေးပြီးလျှင် အဆုံး၌ ခုနစ်လုံးတစ်လှည့်၊ ၁၁ လုံးတစ်လှည့် ရေးစပ်ရသော စာပေ အမျိုးအစားဖြစ်သည်။
“…ကြော်သဲအုတ်အော်၊ ပူဇော်ဆီမီး၊ ညီးညီးဝင်းဝင်း၊ ထွန်းလင်း ရောင်ရှိန်၊ အာလိန်ငါးဆင့်၊ ရွှန်းရွှန်းတင့်သား၊ နတ်မင်းစံရာ၊ ဝတိံသာ သို့၊ လေးဖြာရောင်စို မြင်းမိုရ်ပွဲကြီး..”
“…သက်မျှကြင်သူ၊ ဆင်းရွှေအူနှင့်၊ အတူတကွ၊ မောင်ကတိုင် မြောက်၊ မယ်ကဖောက်၍၊ နှစ်ယောက်စုံလင်၊ စွယ်တော်စင်တွင်၊ ပန်းတင်ရေသွန်း၊ ဆုယူညွှန်းသည်၊ ပြောင်ရွှန်း ဆီမီးတိုင်နှင့်လေး…ကြာခိုင်တည့်လျှံဝင်း၊ ကျွတ်သတင်း…”
ဤလူးတား ဒုတိယပိုဒ်တွင် “သက်မျှကြင်သူ၊ ဆင်းရွှေအူနှင့်” မှ “ကြာခိုင်တည့်လျှံဝင်း၊ ကျွတ်သတင်း” အထိကို ဖတ်ကြည့်ခံစားမိရာ သီတင်းကျွတ်လပြည့် မီးထွန်းပွဲတော်ကို ဝတ်ကောင်းစားလှဝတ်ဆင်ကြပြီး မောင်နှံစုံစွယ်တော်စင်တွင် ဆီမီးထွန်းကြပုံ၊ ဆုတောင်းကြပုံ၊ ကြာပန်းနှင့် ဆီမီးများ လှူကြပုံတို့မှာ ယခုခေတ် ဗီဒီယိုရိုက်ပြီး ပို့လိုက်သည်ကို မြင်သိခံစားရသကဲ့သို့ ရှိလှပေသည်။
လောက၌ ဤအကြောင်းအရာ ဤဝတ္ထုကိုပင် ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူ၊ ရှုထောင့်မတူ၊ မြင်နည်းမြင်ပုံ ကွာခြားမှုအရ အလှအပရသများသည်လည်း ကွာခြားမြဲဖြစ်ပေသည်။ ဤသီတင်း ကျွတ်လကိုပင် စာဆိုအသီးသီး ခြယ်မှုန်းကြရာ စာဆိုတော် ဆီသည်ရွာစား ဦးအောင်ကြီးကလည်း အင်းဝမြို့နှင့် သီတင်းကျွတ်လဘွဲ့ကို အောက်ပါအတိုင်း လူးတားစာအလင်္ကာဖြင့် ဖွဲ့ဆိုထားလေသည်။
“သာစွလေ…မြောက်လေပြန်စ၊ ကောင်းကင်လနှင့်၊ အဿဝနီ၊ ပြည့်လှာညီသော်၊ ရာသီတူခွင်၊ ရေပြင်လှတင့်၊ ကြာမျိုးပွင့်၍၊ မြတ်ကျင့် ခေါင်ထွတ်၊ သီတင်းကျွတ်ကား၊ ရွှေလွှတ်တော်ပွဲ၊ တက်မြဲခင်းကျင်း၊ မြို့တွင်းမြို့ပြင်၊ ထွန်းထင်ညီးဝါ၊ မြို့လယ်မှာမူ၊ အချာဗဟို၊ မီးမြင်းမိုရ် လည်း၊ မဂ်ဖိုလ်ရှေးရှူ၊ ပူဇော်လှူ၍၊ လူတို့ထွတ်ချာ၊ စောနရာလျှင်၊ ရတနာဘုရင်၊ မကိုဋ်ဆင်လျက်၊ သဘင်ထွက်ကာ၊ စကြာချပ်ဆင့်၊ ရှစ်ဆိုင်ဖွင့်၍၊ စဉ်သင့်နေထား၊ ရာ့တစ်ပါးတို့၊ ဖလားရွှေစိုင်၊ ရွှေခိုင် မောက်မောက်၊ ထိုက်လျောက်မြတ်နိုး၊ အုပ်ထည်မျိုးနှင့်၊ ရှိခိုး လက်ဆောင်၊ မြားမြောင်ဆင်၊ မြင်း၊ မကြွင်းလိုက်ဖက်၊ ရုတ်ရက် မြှောက်ချီး၊ ထီးနှင့်တံခွန်၊ ခန့်ရန်ပူဇော်၊ အလှူတော်ကို၊ နုမော်စိတ် ထက်၊ ချရေစက်သည်၊ ဘဝဂ်မိုးထိ သန်းတည့်လေ…။ ။ ပွင့်လင်းစည် သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေး…”
ဆိုလိုရင်းအဓိပ္ပာယ်မှာ မြောက်လေပြန်စ သရဒဥတု (သီတင်းကျွတ်၊ တန်ဆောင်မုန်း) မိဿရာသီ အဿဝဏီနက္ခတ်နှင့် စန်းယှဉ်၍ လပြည့်သည်။ ရာသီစက်က တူရာသီတွင် တည်ရှိသည်။ ကြာမျိုးငါးပါး ပွင့်၍ တင့်တယ်သည့် အခါသမယတွင် မြို့တွင်းမြို့ပြင် ၌ (တိုင်းပြည်တစ်ခွင်) ဆီမီးမြင်းမိုရ်ပွဲတော်များပြု၍ ကုသိုလ်ယူ ဆုပန်ကြသည်။ မင်းနေပြည်တော်တွင် ဘုရင်မင်းမြတ်ကိုယ်တော် တိုင် ရတနာဒုရင်မကိုဋ်ဆင်၍ သဘင်ပွဲကြီးဆင်နွှဲသည်။ အရပ်လေးမျက်နှာမှ ကန်တော့လာကြသည့် နယ်စားနယ်ခံများကို ရာထူးဌာနန္တရအလျောက် ဆင်မြင်းရတနာအဆောင်အယောင်များ ချီးမြှင့် မြှောက်စား၍ လွှတ်တော်ပြီးသည့်အခါ အလှူပွဲကြီးလုပ် ရေစက်သွန်းချသည်မှာ ဘဝဂ်မိုးသို့ တိုင်သည်။ ရွှေပြည်အင်းဝနန်း ပွင့်လန်းဝေစည်ပါကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်လေသည်။
ဆီသည်ရွာစား ဦးအောင်ကြီးမှာ သက္ကရာဇ် ၁၀၃၀-၁၀၉၀ ခုနှစ် မှန်နန်းရှင် ဆင်ဖြူရှင်ထံ ခစားသောစာဆိုတော်ဖြစ်သည်။ သက္ကရာဇ် ၁၀၇၆ ခုနှစ် နောက်ပိုင်းတွင် အဝမြို့ဘွဲ့ ဆယ့်နှစ်လရာသီ လူးတားကို ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။
အထက်ဖော်ပြပါ ဦးယာ၏ လူးတားမှာမူ ကုန်းဘောင်ခေတ် အမရပူရမြို့ဘွဲ့ ဆယ့်နှစ်လရာသီ လူးတားမှာ သီတင်းကျွတ်လဘွဲ့ ဖြစ်သည်။
စာဆို နှစ်ဦးတို့၏ သီတင်းကျွတ်လဘွဲ့ လူးတားသည် တစ်ဦးက (ဦးအောင်ကြီး) နေပြည်တော်ဒေသ ဘုရင့် မင်းခန်းတော်ဆိုင်ရာ မြင်ကွင်းကို ဖွဲ့ဆို၍ ဦးယာ က ပြည်သူလူထုနှင့် ဆက်စပ်သောမြင်ကွင်း ကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် လအလိုက်ဖွဲ့ဆိုကြသည့် စာဆိုအသီးသီးတို့၏ စာအလင်္ကာများသည် ဂုဏ်ရသ အလင်္ကာ မြောက်လှ၍ သူ့နည်းသူ့ဟန်ကောင်းကြပါပေသည်။
ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းတို့တွင် အရပ် ဇာတ်သဘင်များ ပေါ်လာသည်။ အရပ်ဇာတ်သဘင်တို့တွင် ဆယ့်နှစ် လရာသီ ဗုံထောက်၊ ခွန်းထောက်၊ လေပြေ၊ သဖြန်၊ လွမ်းချင်း၊ ပတ်တိုက်၊ စည်တော်သံစသည့် စာအလင်္ကာများအနေဖြင့် ရေးဖွဲ့လာ ကြသည်။ ဇာတ်သဘင်သုံးဖြစ်သော ထိုဆယ့်နှစ်လရာသီ စာအလင်္ကာများမှာ စာရေးသူ၊ စာဆို မထင်ရှားလှပေ။ အဆင့်ဆင့်နှုတ်ဖြင့် မှတ်တမ်းတင်ခဲ့ကြသည်သာများသည်။ ထီးသံ၊ နန်းသံမပါဘဲ အရပ်သံ၊ ဇာတ်သံနှော၍ ရေးဖွဲ့ကြသည်။ ရေးဖွဲ့သည့် ပုဂ္ဂိုလ်များသည်လည်း စာ၏ အနက်အဓိပ္ပာယ်ကို ကြည့်၍ ရှေးဟောင်းစာပေ ပေါရာဏ ဝေါဟာရပါဠိပျက် ပါဠိသက်စသည်များကို ကျွမ်းကျင်ကြသည့် ပုဂ္ဂိုလ် များဖြစ်သည်။ အောက်ပါသီတင်းကျွတ်လဘွဲ့မှာ ဇာတ်သဘင်ကရာတွင် အခန်းတစ်ခုမှ အခန်းတစ်ခုသို့ ပြောင်းသည့်အခါ လေပြေထိုးခြင်း ဇာတ်စာဖြစ်သည်။ အထူးရှင်းပြရန် မလိုတော့ပေ။ သိသာလွယ်ပေသည်။
ထိုသို့ လေပြေထိုးရွတ်ဖတ်ပြီး ကတ္တီပါပြည်ဖုံးကားလိပ်ကြီး ချလိုက်သောအခါ စိတ်ထဲတွင် ရသတစ်မျိုး ခံစားကြရပေသည်။ စာရှုသူများ ထိုရသကို ခံစားကြည့်ကြကုန်…ဟု နိဂုံးချုပ်အပ်ပါသည်။
“ငွေစာညှင်းအဆို လူဆရာကဝိထားကဲ့၊ နေမင်းလိုဇမ္ဗူမှာ မရှိငြား ပါဘု၊ ရွှေမြင်းမိုရ် ယူဇနာအပြားဝယ် စူဠာမုနိဘုရား ထီးဖြူတော် နှင့်၊ မီးပူဇော်ခါ အခေါင်လုပ်ပြန်တော့ တောင်စမုတ် မင်းဗိမာန်ဝယ်၊ ဝင်းအိမ်ဖန်ဇာတ်ရုပ်သေးတို့ပါ မှတ်ဖို့အဟုတ်ရေးခဲ့၊ နည်းထုံးစံနှင့် မီးပုံးပျံရတနာ နန်းခရိုင်ဝယ်၊ ကြာပန်းခိုင်နှင့်မင်းအထွတ်ပြရ၊ သီတင်း ကျွတ်လ ထက်နတ်ပြည်ကဲ့သို့၊ နက္ခတ်အဿဝဏီ အဇတာထိန်ဝါ၍ တာဝတိံသာက ဘဂဝါအရဟံ သက်ပေသည့်၊ ကာယကံ လက်နှင့် ဖူးညားတော့၊ အမှူအားထားခါ အောင်စည်တော် မချဲ့ပါဘု၊ ထူးမခြား နား ရောင်ခြည်တော်ဘွဲ့ တီးတော်မူစမ်း…”။ ။