စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလသတင်းများ ထွက်ပေါ်နေမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ပြည်တွင်းမှာလည်း ကောလာဟလ ထုတ်လွှင့်နေတာရှိပါတယ်။ အချိန်ကိုက်ပဲ   ပြည်ပက ပြည်ဖျက် မီဒီယာတွေကလည်း  ကောလာဟလ ထုတ်လွှင့်နေတာရှိတယ်။ အဓိကကတော့ အခြေခံအကြောင်းနှစ်ခုအပေါ်မှာ ကောလာဟလ ထုတ်လွှင့်တာ ဖြစ်တယ်။ နံပါတ်(၁)ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ခွဲတမ်းတွေ လျှော့တယ်ဆိုပြီး  ထုတ်လွှင့်နေတာရှိတယ်။  နံပါတ်(၂)ကတော့ ဆီအလုံအလောက်မရှိဘူး၊ ဆီဝယ်ယူဖို့အတွက် အစိုးရအနေနဲ့ ဒေါ်လာချမပေးဘူးဆိုတာမျိုး ထုတ်လွှင့်နေတာရှိတယ်။ ပြီးရင်  စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ၊  ပြန်မဖြည့်နိုင်တော့ဘူးဆိုတဲ့ ဟာတွေပဲဖြစ်ပါတယ်။

 

ပထမဦးဆုံးပြောချင်တာက ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ပြောခဲ့တဲ့အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီနဲ့ပတ်သက်ပြီး  အလေးထားဆောင်ရွက်လျက်ရှိတယ်။ ဆီခွဲတမ်းတွေနဲ့ပတ်သက်ပြီး   စိစစ်တာ တစ်ခုပဲရှိတယ်။ ယခင်အတိုင်းပဲဖြစ်တယ်။ လျှော့ပြီးလုပ်ပေးတာမရှိဘူး။  ပြည်တွင်းမှာ  စက်သုံးဆီ အလုံအလောက် ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီ ဖြစ်တဲ့ 92 ဆိုရင်  ပြည်တွင်း လက်ကျန်  ဂါလန် ၁၃  သန်းကျော်ရှိပြီးဖြစ်တယ်။  ဒီဇယ်ဆိုရင် ဂါလန်သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။  ပြီးရင်  ထပ်မံရောက်ရှိလာမယ့် ဆီတင်သင်္ဘော ၁၅ စင်း နီးပါးရှိပါတယ်။

 

ကျွန်တော်တို့အနေနဲ့ စက်သုံးဆီကို မည်သည့် စက်သုံးဆီအမျိုးအစားမဆို ပြည်တွင်းမှာ တစ်လစာ အရန်ရှိအောင် အမြဲတမ်း ဆောင်ရွက်လျက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ပတ်သက်ရင်  နိုင်ငံတော်အစိုးရအနေနဲ့ အထူးအလေးထား  ဆောင်ရွက်ပေးနေတဲ့အတွက် ယခင်အတိုင်းပဲ ဒေါ်လာရောင်းချပေးတာတွေ   ဆောင်ရွက်လျက်ရှိတယ်။   ပြည်သူလူထုအနေနဲ့  တစ်ခုသတိထားသင့်တာကတော့ ဒီအချိန်မှာ ဘက်ပေါင်းစုံကနေ   အချိန်ကိုက်  နိုင်ငံရေးအရ၊ စီးပွားရေးအရ၊  လူမှုရေးအရ၊  ကာကွယ်ရေးအရ ဘက်ပေါင်းစုံကနေ သတင်းအမှားတွေ ထုတ်လွှင့်ပြီး  ဆောင်ရွက်နေတာမျိုး ရှိပါလိမ့်မယ်။   ဒီသတင်းအမှားတွေကိုကြည့်ပြီး သတင်းအဆိပ်မသင့်ဖို့ အရေးကြီးပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း အချိန်မီပြန်ကြား ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

 

အနှစ်ချုပ်ပြောရရင်တော့ စက်သုံးဆီ၊ စားသုံးဆီ စီးပွားရေးလုပ်ငန်းတွေ၊  ရှမ်းပြည်နယ်  (အရှေ့မြောက်ဘက်) မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် Boder Trade  ကုန်သွယ်မှုနဲ့   ပတ်သက်လာရင် ရပ်တန့်နေတာမှအပ ကျန်တဲ့လုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပြောကြားလိုပါတယ်။ ဒီအဖျက်အမှောင့် လုပ်ငန်းတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ကာကွယ်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။   အားလုံးကိုကျေးဇူးတင်ပါတယ်။