သီဟစည်သူ

 

မျိုးစိတ်တို့၏ကံကြမ္မာ သဘာဝအတွင်း လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားပြီဟုပင် ယူဆခဲ့သည့် မြန်မာ့ဒေသရင်း အဖိုးတန်ဇီဝမျိုးစိတ်တစ်ခုဖြစ်သည့် လေးကွက်လိပ်ခေါ် ဒေါင်းမြီးကွက်လိပ်များကို  အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI) နှင့် ဒေသခံများ ပူးပေါင်းကာ မျိုးသုဉ်းမည့် အန္တရာယ်လက်တစ်ကမ်းအလိုမှ ကယ်တင်နိုင်ပြီဖြစ်ကြောင်း အဆိုပါ လိပ်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်နေသူ ဦးရဲနန္ဒာအောင်က ပြောသည်။

 

အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI) သည် ဒေသခံများ အကူအညီဖြင့် မျိုးသုဉ်းပျောက်ကွယ်သွားပြီဟု ယူဆခဲ့ကြသည့် မြန်မာ့ဒေသရင်း လေးကွက်လိပ်ခေါ် ဒေါင်းမြီးကွက်လိပ် ဥကျင်းငါးခုနှင့် လိပ်အကောင်ပေါက် ၁၅ ကောင်ကို မြန်မာနှင့်အာရှဒေသ၏ အကြီးဆုံး ကုန်းတွင်းရေချို အိုင်ဖြစ်သည့် အင်းတော်ကြီးကန် သဘာဝဘေးမဲ့တောဧရိယာ၌ ပထမဆုံးအကြိမ် ပြန်လည် တွေ့ရှိခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ခန့်မှစ၍ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ ထိုသို့တွေ့ရှိခဲ့ခြင်းသည် လေးကွက်လိပ် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအတွက် အလွန်အရေးပါပြီး လေးကွက်လိပ်(ခေါ်) ဒေါင်းမြီးကွက် လိပ်မျိုးဆက်များ အကောင်ရေ ပေါများလာစေရန်အတွက် အထောက်အပံ့ကောင်းများ ဖြစ်ထွန်းလာခြင်းပင်ဖြစ်သည်။

 

မြန်မာ့ဒေသရင်း လိပ်မျိုးစိတ်

 

ကမ္ဘာပေါ်တွင် လိပ်မျိုးစိတ်ပေါင်း ၃၀၀ ခန့် ပေါက်ပွားရှင်သန်နေထိုင်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ပင်လယ်လိပ်ငါးမျိုး၊ ကုန်းနှင့်ရေလိပ် ၂၆ မျိုး စုစု ပေါင်း ၃၁ မျိုး နေထိုင်ကျက်စားလျက်ရှိသည်။ အဆိုပါ မျိုးစိတ်များအနက် လေးကွက်လိပ် (ခေါ်) ဒေါင်းမြီးကွက်လိပ်(Burmese Peacock Softshell Turtle)၊ သိပ္ပံအမည် - Nilssonia Formosa သည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၌သာ တွေ့ရှိပေါက်ပွားသော မြန်မာ့ဒေသရင်း လိပ်မျိုးစိတ်ဖြစ်ပြီး သဘာဝအတွင်း အကောင်ရေအလွန်အမင်း လျော့နည်းနေ သောကြောင့် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ (IUCN) ၏ အနီရောင် (Red List) စာရင်းဝင် မျိုးသုဉ်းလုနီးပါး အခြေအနေရှိသည့် သတ္တဝါ (Critically Endangered-CR) အဖြစ် သတ်မှတ်ထားသည်။ လေးကွက်လိပ်များသည် ရေချိုဂေဟစနစ်အတွင်းရှိ တိရစ္ဆာန်အသေကောင်များ၊ အညစ်အကြေးများကို စားသုံးပေးသည့်အတွက် ရေချိုဂေဟစနစ်များ ပိုမိုကောင်းမွန်သန့်ရှင်း အထောက်အပံ့ ပေးနိုင်သည့် သန့်ရှင်းရေး သတ္တဝါများဖြစ်ပြီး ငါး၊ ပုစွန်အပါအဝင် အခြားသော ရေသတ္တဝါများ ရှင်သန်စေရေးအတွက် အခွင့်အရေး ပိုမိုကောင်းမွန်စေသည့်အတွက် ငါးသယံဇာတ ပေါများမှု၏ ညွှန်ကိန်းပြသတ္တဝါလည်း ဖြစ်သည်။

 

လေးကွက်လိပ်များသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်ဘေးများရှိ သဲသောင်ပြင်၊ ရွှံ့ပျော့၊ နုန်းဆန်သည့် နေရာများတွင် ဥချလေ့ရှိပြီး မိုးဦးကျတွင် အကောင်ပေါက်လေ့ရှိသည်။ ယခင်က ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အတွင်း နေထိုင်ကျက်စားခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။

 

လေးကွက်လိပ် ထိန်းသိမ်းရေး

 

လက်ရှိအချိန်တွင် အင်းတော်ကြီးအိုင် သဘာဝတောဧရိယာရှိ မနခေါကျေးရွာ နန့်ပလန်းချောင်းအပြင် ဧရာဝတီမြစ်တစ်လျှောက်ရှိ မန္တလေးတိုင်းဒေသကြီး ပုဂံညောင်ဦးဒေသရှိ ကိုးလုံး၊ သဖန်းကုန်း၊ ကြအို၊ မြို့လှကျေးရွာအုပ်စု၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် လက်ပံကျွန်းနှင့် စလေကျေးရွာ အုပ်စုများတွင် ဒေသခံများ ပူးပေါင်းပါဝင်သည့် လေးကွက်လိပ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

“လက်ရှိ ကျွန်တော်တို့နိုင်ငံမှ ပထမဆုံးအကြိမ် သုတေသနစပြီး လုပ်ရတာဆိုတော့ တစ်နိုင်ငံလုံးမှာ အကောင်ရေ ဘယ်လောက်ကျန်သေးတယ်ဆိုတာ ခန့်မှန်းလို့တော့မရသေးဘူး၊ ပထမတော့ ဒေသခံတွေ ကိုယ်တိုင်ကတောင် လုံးဝမျိုးသုဉ်းသွားပြီ မရှိတော့ဘူးလို့ထင်တာ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အင်းတော်ကြီးကန်ဒေသမှာ စပြီးတွေ့လိုက်တော့ တစ်ကမ္ဘာလုံးမှာလည်း ဒီသတင်းဟာ တော်တော်လေး စိတ်ဝင်စားတဲ့ အကြောင်းအရာလည်း ဖြစ်သွား ပါတယ်” ဟု ဦးရဲနန္ဒာအောင်က ပြောသည်။

 

mdn

 

 

မျိုးသုဉ်းလုနီးပါးအထိ ခြိမ်းခြောက်ခံရ

 

လေးကွက်လိပ်များ မျိုးသုဉ်းအန္တရာယ်ကျရောက်ရသည့် အဓိက အကြောင်းအရင်းများအနက် မြေယာ အသုံးချမှုများများပြားလာခြင်း၊ မြေယာချဲ့ထွင်ခြင်းနှင့် ကမ်းပါးပြိုခြင်းများကြောင့် ၎င်းတို့ နေရင်းဒေသများ တဖြည်းဖြည်း ယိုယွင်းပျောက်ဆုံးလာခြင်း၊ လိပ်ဥ၊ လိပ်သားစားသုံးရန်အတွက် ဖမ်းဆီးခံရခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများကြောင့် သေဆုံးရခြင်း၊ ငါးဖမ်းပိုက်များဖြင့် မတော်တဆဖမ်းဆီးခံရခြင်း၊ ပြည်ပသို့ တရားမဝင် ဖမ်းဆီးရောင်းချ ခံရခြင်း စသည့်အချက်များကြောင့်ပင် မျိုးသုဉ်းလုနီးပါးအထိ ခြိမ်းခြောက်ခံလာရခြင်းဖြစ်သည်။

 

ယခုအချိန်တွင် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့(မြန်မာ)၏ ဦးဆောင် မှုဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ငါး၊ လိပ်နှင့် မြန်မာ့ရေချိုသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုများ၏ အကျိုးရလဒ်အဖြစ် ဒေသခံ များကိုယ်တိုင် လိပ်ဥ၊ လိပ်ကျင်းများကို တန်ဖိုးထား ရှာဖွေထိန်းသိမ်းတတ်လာကြပြီ ဖြစ်သည်။

 

ရေချိုဂေဟစနစ်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် များစွာအရေး ပါသည်။ ထို့အတူ ရေချိုဂေဟစနစ်ကို မှီခိုနေရသည့် ဇီဝမျိုးစုံမျိုးကွဲများစွာတည်ရှိနေပြီး လေ့လာမှုများ အရ ရေချိုတွင်ရှင်သန်ကျက်စားသော မျိုးစိတ်ပေါင်း အနည်းဆုံး ၁၄၀၀၀၀ ခန့်ရှိကြောင်း မှတ်တမ်းတင်ထားသည်။ ကမ္ဘာပေါ်ရှိ လူသားများစွာသည် ငါး၊ ပုစွန်အပါအဝင် အဆိုပါ ရေချို ဂေဟစနစ်တွင် ရှင်သန်ကျက်စားနေကြသည့် သတ္တဝါများကို မှီခို၍ နေ့စဉ်ဝင်ငွေရှာဖွေပြီး ဘဝရှင်သန် ရပ်တည်နေကြရသည်။

 

mdn

 

အဆိုပါ ရေချိုဂေဟစနစ်များသည် အကန့်အသတ် ဖြင့်သာတည်ရှိနေပြီး လူသားများ၏ ဆင်ခြင်မဲ့စွာ အသုံးချမှုများကြောင့် နေ့စဉ် ယိုယွင်းပျက်စီးလျက် ရှိရာ ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက် ရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်။

 

ရေချိုဂေဟစနစ်များ စဉ်ဆက်မပြတ် ပေါကြွယ်ဝ ရေးသည် အဆိုပါ ဂေဟနစ်အပေါ် မှီခိုနေရသည့် လူသားများအတွက် အဓိကကျသော အခြေခံအချက် တစ်ခုဖြစ်ပြီး အဆိုပါလုပ်ငန်းများ အောင်မြင်ရေး အတွက် ဂေဟရပ်ဝန်းနှင့် ဆက်စပ်သည့် ထိန်းသိမ်း ရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်ပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အထူးလိုအပ်လှသည်။

 

ကိုးကား - Fauna & Flora International – Myan-mar Programme