ရန်ကုန်  နိုဝင်ဘာ ၁၃

 

ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပပြီးစီးခဲ့သည့် “14th WORLD BODY BUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2023” “(၁၄)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ၂၀၂၃” တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦး‌ကျော်သန်း ခေါင်းဆောင်၍ အားကစားသမားနှစ်ဦးပါဝင်သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလအားကစားအဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

 

အဆိုပါအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။

 

အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း ၄၈ နိုင်ငံမှ အားကစားသမားပေါင်း ၂၉၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလအားကစားအဖွဲ့သည် Men's Sports Physique (Up to 175 Cm) ပြိုင်ပွဲ၌ ပထမရွှေတံဆိပ်ဆုကို ငြိမ်းချမ်းက ရရှိခဲ့ကာ ကာယဗလ ၇၀ ကီလိုတန်းပြိုင်ပွဲ၌ ဒုတိယငွေတံဆိပ်ဆုကို ရဲထွန်းနောင်က ရရှိခဲ့သည်။

 

သတင်းစဉ်