ရန်ကုန် နိုဝင်ဘာ ၁၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် ကြာတောရလမ်း၊ ဦးအရိယကျောင်းတိုက်ရှေ့ရှိ ရေမြောင်းအား ရေစီးရေလာကောင်းမွန်ရေး ဝန်ထမ်းများ စုပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်ယန္တရားများအသုံးပြု၍ ဝန်ထမ်းအင်အား တိုးမြှင့်ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ ရေမြောင်းနှင့် ကမာရွတ်မြို့နယ် ပြည်လမ်းနှင့် မြကန်သာ(၂)လမ်းထောင့် အင်းလျားကန်ရှေ့ရှိ ကမာရွတ်မြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုနှင့် သာကေတမြို့နယ်၊ ဇင်္ဂမလမ်း လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းတိုးချဲ့မှုလုပ်ငန်း ဆောင်ရွက်နေစဉ် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်