ဘားအံ၊ နိုဝင်ဘာ  ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးနှင့် သတ္တုတွင်းဦးစီးဌာန ရုံးတို့သို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းကလည်း ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြည်ထောင်စုရိပ်သာ ဧည့်ခန်းမ၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တွေ့ဆုံ၍ ပြည်နယ်အတွင်းရှိ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

 

တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ် သစ်တောဦးစီးဌာနရုံးသို့ ‌သွားရောက်၍ ပြည်နယ်သစ်တောဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင် ၂၅,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုနှင့် ဆက်လက်ပျိုးထောင်မည့် ပျိုးပင် ၈၀,၀၀၀ အတွက် ပြင်ဆင်ထားမှု အခြေအနေကို ကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့သစ်လုပ်ငန်း ပြည်နယ်ရုံး၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ကာ ပြည်နယ်အတွင်းရှိ ဦးစီးဌာန/လုပ်ငန်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ သဘာဝ သယံဇာတ အရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ သားစဉ်မြေးဆက် လက်ဆင့်ကမ်း နိုင်ရေးအတွက် ရေရှည်တည်တံ့သော နည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များကို စီမံဆောင်ရွက်သွားရန်နှင့် သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရန် သဘာဝသစ်တောများ ထိန်းသိမ်းခြင်း၊ စိုက်ခင်းများတည်ထောင်ခြင်း၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ ဖွဲ့စည်းခြင်း၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်း၊ ‌ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ခြင်း၊ တရားမဝင်သစ်နှင့် သတ္တုထုတ်ယူခြင်းများ တားဆီးရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင် သွားကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့နယ်ရှိ လင်းနို့ဂူသို့ သွားရောက်၍ လင်းနို့ဂူ ထိန်းသိမ်းကာကွယ်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုးချဲ့ဖွဲ့စည်းရန် ရည်ရွယ်ထားသည့် ရသေ့ပျံ ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေ ၄၂၆ ဧကနှင့် ကော့ဂွန်းဂူ ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေ ၁၁၀ ဧက၏ အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဘားအံမြို့ရှိ မြို့ပြသစ်တော- Urban Forest အနေဖြင့် တည်ထောင်ထားသော ဘားမဲတောင် သဘာဝဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ် အတွင်းရှိ သစ်ပင်များ ထိန်းသိမ်းကာကွယ်ထားမှု၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်၏ အကျိုးကျေးဇူးကိုသိရှိပြီး မြို့ပြလူနေထိုင်မှုဘဝအတွက် အပန်းဖြေနိုင်သည့် နေရာအဖြစ် ဆောင်ရွက်ထားမှု အခြေအနေကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်