စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့အတွင်း ဝင်ရောက်နေရာယူ၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့အား နိုဝင်ဘာ ၉ ရက်တွင် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အင်အားအလုံး အရင်းဖြင့်ဝင်ရောက်ခဲ့ပြီး မြို့နှင့်အနီးပတ်ဝန်းကျင်တွင် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူနေအိမ်များနှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်း စသည့်အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။
ပြန်လည်ထိန်းချုပ်ထား
ထိုသို့ လုပ်ဆောင်လျက်ရှိသည့် KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး(Counter–Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ထီးချိုင့်မြို့အား နိုဝင်ဘာ ၁၂ ရက်တွင် တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ထီးချိုင့်မြို့အတွင်းသို့ ရောက်ရှိနေစဉ်အတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်း များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်များတွင် သဲအိတ်များစီ၍ ဘန်ကာများဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ် အဆောက်အအုံများ အကြားနှင့် အများပြည်သူသွားလာအသုံးပြုသည့် ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ မိုင်းထောင်ခြင်းများ၊ ဒေသခံ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(Rules of Engagement-ROE)နှင့်အညီ ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် အကြမ်းဖက် သမားများသည် ထီးချိုင့်မြို့အတွင်းရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များလုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ အကြမ်းဖက်သမား ရုပ်အလောင်းအချို့နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများအား အကာအကွယ်ပြု၍ ဘန်ကာများဆောက်လုပ်တိုက်ခိုက်ခဲ့ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် မြို့တွင်းရှိ အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ၎င်းတို့ထောင်ထားခဲ့သည့် မိုင်းများကြောင့် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက်ဆောင်ရွက်လျက် ရှိသည်။

စီမံဆောင်ရွက်လျက်ရှိ
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထီးချိုင့်မြို့အတွင်း နေရပ်စွန့်ခွာ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ကျောင်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းများ စသည့်အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် မြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်