KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လွိုင်ကော်တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ပညာရေးဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကယ်ဆယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ နိုဝင်ဘာ ၁၃
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ယနေ့ နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများအား အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းလာခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ကြိုးပမ်းလာမှုကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရလျှင်ရချင်း တက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး၊ ဘေးကင်းလုံခြုံမှု ရှိစေရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဘေးကင်းရာနေရာများသို့ ပို့ဆောင်ပေးနိုင်ရေး စနစ်တကျဆောင်ရွက်လျက်ရှိကြောင်းနှင့် ထိုသို့ဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်အဖွဲ့များနှင့် အပြန်အလှန် ထိတွေ့မှုများ ဖြစ်ပွားလျက်ရှိသည်။
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ပြည်နယ်၏ မြို့တော်ဖြစ်သည့် ပြည်နယ်အစိုးရ ရုံးစိုက်ရာ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင်တစ်ဝိုက်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ မှစတင်ကာ လူနေ အဆောက်အအုံများနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ရပ်မျိုးစုံကို လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနေစဉ် အတွင်း၌လည်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အများပြည်သူများ အစုလိုက်၊ အပြုံလိုက် သေကျေဒဏ်ရာရရှိစေလိုသော ယုတ်မာရက်စက်သည့် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံး ခဲ့ရသည်။
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်သည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းခဲ့မှုနှင့် ပစ်ခတ်တို က်ခိုက်မှုများသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏အနာဂတ်ကို ပျက်စီးစေလိုသည့်၊ အသိဉာဏ်ကင်းမဲ့သည့် လူမဆန်သောလုပ်ရပ်ဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်မှုများကြောင့် တက္ကသိုလ်အတွင်းရှိ ပညာရေးဆိုင်ရာ သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြု ပစ္စည်းများနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရပြီး လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ အကြမ်းဖက်အဖွဲ့များ၏ အလောင်း၊ လက်နက်အချို့ သိမ်းဆည်း ရမိခဲ့ကြောင်းနှင့် တက္ကသိုလ်အနီးတစ်ဝိုက်တွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် ယနေ့တွင် စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ် စာမေးပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသဖြင့် ကျောင်းသား ကျောင်းသူများအတွက် များစွာထိခိုက်နစ်နာခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ လုပ်ဆောင်မှုများအပေါ် အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေးအတွက် လိုအပ်သည်များ တုံ့ပြန် ဆောင်ရွက်လျက်ရှိပြီး ကယားပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့၏ ဒေသ အေးချမ်းသာယာစေရေး၊ ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်