နေပြည်တော် နိုဝင်ဘာ ၁၄

 

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဘေး ကွင်းအမှတ် ၁၆၀၇၊ တောင်သူ ဦးကျော်ခင်၏  မိုးစပါးစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးပြေသိန်းက မြို့နယ်အတွင်း ၂၀၂၃- ၂၀၂၄ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုး ထုတ်လုပ်မှု၊ ဆောင်းဆီထွက်သီးနှံများ စိုက်ပျိုးရန်လျာထားမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းဆီထွက် သီးနှံများ  ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ဝင်းက စံကွက်ရိတ်သိမ်းမှု အခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်း တင်ပြကြသည်၊၊

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပင်လောင်းလမ်းဘေး ဝဲ/ယာတွင် နေကြာစိုက် တောင်သူများအား နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံရယူကြသည်။ ထို့နောက် နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဘေး ကွင်းအမှတ် ၁၆၀၇၊ တောင်သူ ဦးကျော်ခင်၏  မိုးစပါးစံကွက် ရိတ်သိမ်းခြင်း၊ စပါးချိန်တွယ်ခြင်းများကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ သစ်တပ်ကျေးရွာအုပ်စု ပင်လောင်းလမ်းဘေး ကွင်းအမှတ် ၁၆၀၇၊ တောင်သူ ဦးကျော်ခင်၏  မိုးစပါးစိုက်ခင်းသည် စံကွက်အဆင့် (သင့်)အမျိုးအစားဖြစ်ပြီး စိုက်ပျိုးထားသည့် ဆင်းသုခ စပါးမျိုးကို ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစိုထွက် ၁၀၇ ဒသမ ၅၀ တင်းနှုန်းထွက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာအနီး၊ ပေါင်းလောင်း မြစ်ဘေးရှိ ပေါင်းလောင်းမြစ်ရေကို အသုံးပြု၍ နေပြည်တော်တိုးချဲ့ ရေပေးဝေရေး (ပေါင်းလောင်း)စီမံကိန်းမှ ရေခေါ်မြောင်း၊ ရေယူအဆောက်အအုံ တည်ဆောက်ပြီးစီးမှုနှင့် လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မြို့ရေပေးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားပြီး တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂတ်ချိုင်းကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံ မြေပဲစံပြ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ 


    
ထွန်းထွန်းဝင်း(ပြန်/ဆက်)