မကွေး နိုဝင်ဘာ ၁၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို နိုင်ငံတစ်ဝန်းရှိ ငြိမ်းချမ်းရေးလိုလားသော ပြည်သူများက အားပေးထောက်ခံပွဲများဖြင့် ကြိုဆိုထောက်ခံလျက်ရှိရာ နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မကွေးမြို့၊ ခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီးရှိ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူ ၈၀၀ ကျော်က ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ထောက်ခံပွဲကို တစ်ခဲနက် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ အားပေးထောက်ခံပွဲ ပြုလုပ်ရာ၌ တိုင်းဒေသကြီးရှိ ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက် ကမ်းနားလမ်းနှင့် ဗျူဟာလမ်းဆုံတွင် စုရပ်ပြုလုပ်၍ ဗျူဟာလမ်းအတိုင်း မကွေးခရိုင်အားကစားကွင်းအထိ စီတန်းလှည့်လည်ကာ လမ်းတစ်လျှောက်တွင် "တပ်မတော်ဖြိုခွဲမည့်အကြံ ဒို့လက်မခံ၊ အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်သည့် တပ်မတော် ဒို့တပ်မတော်၊ တရားသောစစ် အောင်ရမည်၊ နယ်မြေတည်ငြိမ်အေးချမ်းရေး ဒို့အရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အသက် အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နေသည့် ရှေ့တန်းရောက် တပ်မတော်သားများ ကျန်းမာပါစေ၊ KIA၊ AA၊ TNLA၊ MNDAA၊ BPLA နှင့် အကြမ်းဖက် PDF များအား ဆန့်ကျင်ကြ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) အောင်ရမည်၊ NCA ကို ဆန့်ကျင်ပြီး အကြမ်းဖက် အဖျက်အမှောက်လုပ်ဆောင်နေသည့် အဖွဲ့အစည်းများအား ဆန့်ကျင်ကြ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ဒို့အရေး၊ KIA၊ AA၊ TNLA၊ MNDAA၊ BPLA နှင့် အကြမ်းဖက် PDF များအား အလိုမရှိ" စသည့် ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုကာ မကွေးခရိုင် အားကစားကွင်းအထိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)