နေပြည်တော်၊ နိုဝင်ဘာ  ၁၄

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးအား စက်ရုံမှူးနှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် မှာယူထားသည့် ဆေးရုံသုံးကုတင်များ၊ ဘီဒိုများ၊ လူနာတင်တွန်းလှည်းများ ထုတ်လုပ်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။

တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး အတွက် အရည်အသွေး စီမံခန့်ခွဲမှုစနစ် ထူထောင်ထားရှိရန်၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ကောင်းမွန်စေရေးအတွက် စက်ပစ္စည်းကိရိယာများကို ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်သည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်နှင့် စက်ပစ္စည်း ကိရိယာများကိုလည်း အမြဲမပြတ် စစ်ဆေးပြုပြင်ရန်၊ စက်ရုံအနေဖြင့် ပြည်ပသွင်းကုန် အစားထိုး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်၍ တိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းများနှင့် စက်အရန် ပစ္စည်းများကို ကြိုတင်ဝယ်ယူ စုဆောင်းထားရန်၊ ဈေးကွက်ကို မျက်ခြေမပြတ်စောင့်ကြည့် လေ့လာရန်နှင့် ဈေးကွက်သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ ဈေးကွက်အတွင်း တောင်းဆိုမှု များပြားသည့် ထုတ်ကုန်ပစ္စည်းများ အမြန်ဆုံးထုတ်လုပ်နိုင်ရေး ကြိုတင် ပြင်ဆင်ထားရန်၊ ဈေးကွက်ဝင် ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ထုတ်ကုန်ပစ္စည်းများအား အချိန်မီပေးပို့နိုင်ရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ကုန်ထုတ်လုပ်မှု ဆောင်ရွက်လျက် ရှိသည့် ဝန်ထမ်းများအား တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ (PPE)  ပြည့်စုံစွာ ဝတ်ဆင်အသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့နည်းသက်သာစေရေးအတွက် အသုံးစရိတ်များကို ခြိုးခြံချွေတာရန်၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများအား ပြည်သူအများ သိရှိအောင် ဆောင်ရွက်ရန် မှာကြားပြီး စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှု၊ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးရုံသုံး ကုတင်၊ ဘီဒို၊ ဆေးတင်စင်၊ လူနာတင်တွန်းလှည်း၊ စတီးချိုင့်အမျိုးမျိုး၊ ဇွန်းနှင့် ခရင်းများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ ရောက်ရှိပြီး ထုတ်လုပ်ပြီး သွေးကြောသွင်းဆေးရည်များ ထားရှိသိုလှောင်နိုင်ရေးအတွက် Steel Structure Warehouse တည်ဆောက်နေမှုနှင့် သွေးကြောသွင်းဆေးရည်များ ထုတ်လုပ်နေမှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြည်သူများ လိုအပ်လျက်ရှိသည့် သွေးကြောသွင်း ဆေးရည်များအား ပိုမိုဖြည့်ဆည်း ပေးနိုင်ရေးအတွက် စက်စွမ်းအားပြည့် လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်