နေပြည်တော် နိုဝင်ဘာ ၁၅

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်း က အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာလိုအပ်သည်များ မှာကြားသည်။

ဒုတိယဝန်ကြီးအား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက နည်းပညာဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ (Technical Audit Team ၏ Overview Report)အရ ဆောင်ရွက်ရမည့်လုပ်ငန်း (၄၆၁)ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်း(Remaining Work) (၁၉၁)ချက်အပေါ် ဆောင်ရွက်ပြီးစီးမှု၊ Danieli Co., Ltd ၏ နည်းပညာဆိုင်ရာ အစီရင်ခံစာ (Danieli Technical Report) ပါ အချက်အလက် များအပေါ် ဆောင်ရွက်မှုပြီးစီးမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက စက်ရုံလည်ပတ်နိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင် ရွက်ရန်၊ ရရှိသည့်ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ငွေသုံးစွဲမှုများနှင့် ပတ် သက်၍ လုပ်ငန်းခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ်တွက် ချက်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ပြီးပါက ဖြစ်ပေါ်လာမည့် အကျိုးရလဒ်များကိုလည်း ပြုစုထားရန်၊ ခေတ်မီ နည်း ပညာများရရှိရေးဆောင်ရွက်ရန်၊ ကိုင်တွယ်မောင်းနှင်ရမည့်စက်ပစ္စည်း ကိရိယာများနှင့်ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်အောင် စဉ်ဆက်မပြတ်လေ့လာ သင်ယူရန်၊ အလုပ်ရုံခွဲအလိုက် ပြုပြင်ပြီးဖြစ်သည့် စက်ပစ္စည်းကိရိယာများကို စမ်းသပ်မောင်းနှင်ရန်နှင့် အမြဲမပြတ်စစ်ဆေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်းရှိ Iron Ore Sizing Plant ၌ ဝန်ဖြင့် စက်စမ်းသပ်လည်ပတ် ဆောင်ရွက်နေမှု၊ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုပ်လုပ်မှုအလုပ်ရုံတွင် ပိုက်လိုင်းတပ်ဆင်မှု လုပ်ငန်းဆောင်ရွက်နေမှု၊ စွန့်ပစ်အပူသုံးစက် ရေနွေးအိုး၏ အမိုးအကာလုပ်ငန်း ဆောင်ရွက်နေမှု၊ သံသတ္တုရိုင်း ပြုပြင်ရေးအလုပ်ရုံမှ စွန့်ပစ်ရေအနည်ချကန်၌ ရေဝင်ရောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်