နေပြည်တော် နိုဝင်ဘာ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ် စပ်ကုန်းကျေးရွာသို့ ရောက်ရှိပြီး စိမ်းလဲ့မြေ သမဝါယမအသင်းနှင့် နရိန္ဒြာကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော စီးပွားဖြစ် အသေးစား မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား နရိန္ဒြာကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာက စက်ရုံ၏လုပ်ငန်း စဉ်များနှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်၊ မျှစ်ခြောက်ထွက်ကုန်၏ နှစ်စဉ်ပြည်ပ ဝယ်လိုအားနှင့် တင်ပို့နေမှု အခြေအနေများ၊ နှစ်စဉ်ဂျပန်နိုင်ငံသို့ မျှစ်ခြောက်များ တင်ပို့နိုင်ခဲ့မှုနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကိုရီးယာသမ္မနိုင်ငံတို့သို့ တင်ပို့ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ လက်ရှိ ဝါးစိုက်ခင်း ထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ဝါးစိုက်တောင်သူများအား ဝါးတောထိန်းသိမ်းနည်း သင်တန်းပို့ချမှုနှင့် ကုန်ကြမ်းရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကုန်းကြမ်းများထုတ်လုပ်ရာတွင် သဘာဝအရင်း အမြစ်များ မပြုန်းတီးစေရေးအတွက် ဝါးစိုက်တောင်သူများအား တောင်သူအသိပညာပေး သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ စက်ရုံရှိ ဝန်ထမ်းများကို လိုအပ်ပါက ဒေသနှင့်ကိုက်ညီသည့် သင်တန်းများဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ကြောင်းမှာကြားပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မျှစ်ခြောက်ကုန်ထုတ်စက်ရုံ လည်ပတ်နေမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုစစ်ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်