ထွန်းသစ်စ


အမေရိကန်က အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို ထောက်ခံဖို့ ဗင်နီဇွဲလားတပ်ဖွဲ့ဝင်တွေကို သတိပေးပြောကြားမှုတွေရှိသော်လည်း ဗင်နီဇွဲလား တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိသမ္မတ မာဒူရိုကို စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အတိအလင်းကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ထို့အတူပါပဲ။ နယ်စပ်ကို ဖြတ်ကျော်လာမယ့်၊ နိုင်ငံရဲ့ အချုပ်အခြာပိုင်နက်ကို ထိခိုက်လာမယ့် ရန်စွယ်ဟူသမျှကို နှိမ်နင်းတိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

မရောက်သေး

မကြာသေးမီကမှ ဗင်နီဇွဲလား တပ်ဖွဲ့ဝင်တွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေ ဝင်ရောက်ခွင့်ပြုရေးနဲ့ ဂျူအန်ဂွိုက်ဒို ကို ထောက်ခံဖို့အရေး ရာဇသံပေးလိုက် တဲ့အမေရိကန်ဟာ ပြောတဲ့အတိုင်း ဖြစ်မလာရင် ဗင်နီဇွဲလားတပ်ဖွဲ့ဝင်တွေကို အရာအားလုံး ဆုံးရှုံးနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်လွှားပုန်းခိုဖို့အတွက် ငွေရှိနေတဲ့ ဗင်နီဇွဲလားစစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့သူတို့ရဲ့ မိသားစုတွေ ဘယ်နေရာမှာ ပဲ ပုန်းနေပုန်းနေ အမေရိကန် ပြည်ထောင်စုက သိမှာဖြစ်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က ထပ်မံပြောကြားလိုက်ပါသေးတယ်။ 


အမေရိကန်ပြည်ထောင်စု ဝါရှင် တန်မှာကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေနံနဲ့ချမ်းသာတဲ့ နိုင်ငံတွေအနက် ဆင်းရဲတွင်းနက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာ ကြားဝင်မှုတွေ ဆောင်ရွက်မယ့်သဘော ရှိပါတယ်။ 


ထို့အတူ ဗင်နီဇွဲလားနိုင်ငံကို ပေးပို့တဲ့ နိုင်ငံခြား အထောက်အပံ့တွေကိုလည်း မတားဆီးဖို့ သမ္မတထရမ့်က ဗင်နီဇွဲလားတပ်ဖွဲ့ဝင်တွေကို သတိပေး ခဲ့ပါသေးတယ်။ ဗင်နီဇွဲလားနိုင်ငံကို တင်ပို့ဖို့ အစားအစာနဲ့ ဆေးဝါးတန် ချိန်ပေါင်းများစွာဟာ တစ်ဖက် ကိုလံဘီယာ နယ်စပ်မှာ သောင်တင်နေတဲ့ အခြေအနေ ရှိနေပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေ တင်ဆောင်လာတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်သုံးစင်း ဟာလည်း ကိုလံဘီယာနိုင်ငံ ကူကူတာ ကို မကြာသေးမီက ရောက်ရှိခဲ့ပါတယ်။ သို့သော်လည်း အဲဒီပစ္စည်းတွေဟာ ဗင်နီဇွဲလားနိုင်ငံထဲကို အခုချိန်အထိ မရောက်နိုင်သေးပါဘူး။ 


ရင်ဆိုင်ရနိုင်


ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးဆိုင်ရာ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေ ရှိပြီးတော့ ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာနဲ့ ဆေးဝါးတွေ ပြတ်လပ်ခြင်းစတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရစီးပွားရေး ကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံက ထွက်ပြေးလာတဲ့ လူဦးရေဟာ ၂၀၁၅ ခုနှစ်ကစပြီး ယခုအချိန်အထိ ၂ ဒသမ ၃ သန်းအထိရှိတယ်လို့ သိရပါတယ်။


အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုက်ဒိုက ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ လူဦးရေ သုံးသိန်းလောက်ဟာ ငတ်မွတ်ပြီး သေဆုံးမယ့် အခြေအနေရှိတယ်လို့ ပြောပါတယ်။ သူတို့ဟာ ကိုလံဘီယာနဲ့ ထိစပ်နေတဲ့ ဗင်နီဇွဲလားနယ်စပ်မှာ အမေရိကန်ပြည်ထောင်စုနဲ့ အခြား အလှူရှင်တွေက ပေးလှူထားတဲ့ အကူအညီတွေ စုပုံနေပြီး ဗင်နီဇွဲလားနိုင်ငံ အတွင်း မကြာမီ မရောက်ရှိဘူး။ အဲဒီ အကူအညီတွေ သူတို့မရရှိဘူးဆိုရင် သူတို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်သွားရနိုင်တယ်လို့လည်း ဆိုပါတယ်။


"တစ်နိုင်ငံလုံးအလိုရှိနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိဖို့ ကျွန်တော်တို့တွေ တစ်နိုင်ငံလုံးမှာ လှုပ်ရှားမှုတွေ လုပ် ဆောင်ရမယ်" လို့ အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ပြောလိုက်ပါတယ်။ ပိတ်ဆို့ထားမှုနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှုကို ဖောက်ဖျက်နေတဲ့ ပြစ်မှုတွေပဲလို့တောင် သူကပြော လိုက်ပါတယ်။ အခုချိန်အထိ စစ်ဘက် ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေဟာ သမ္မတ မာဒူရိုကိုပဲ ထောက်ခံနေတယ်လို့ လည်း သူက ပြောလိုက်ပါတယ်။


နှောင့်နှေးကြန့်ကြာမှုတွေ ရှိမယ်


ဒီလောက်တောင် အခြေအနေဆိုး နေတဲ့နိုင်ငံကို လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ပစ္စည်းတွေ ဘာကြောင့် အဝင်မခံတာလဲဆိုတဲ့အပေါ် လက်ရှိ သမ္မတ မာဒူရိုအနေနဲ့ ဘယ်လိုစဉ်းစားလဲ တော့မသိပါဘူး။ သို့သော်လည်းပဲ သူ့အနေနဲ့ ဒီအပေါ်စိုးရိမ်မှုတွေရှိနေတယ် လို့တော့ သုံးသပ်ရပါတယ်။ 


ထိပ်တန်းလေတပ် ဗိုလ်ချုပ်ကြီးတစ်ဦးဟာ ဂွိုက်ဒိုဘက်က ရပ်တည်ကြောင်း လူသိရှင်ကြားကြေညာပြီးနောက် ဖေဖော်ဝါရီ ၃ ရက် အစောပိုင်းမှာ မာဒူရိုက စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ ကိုနိုင်ငံရဲ့ ကမ်းရိုးတန်း အရှေ့မြောက်ဘက်မှာ စစ်ရေး လေ့ကျင့်မှုလုပ်ဖို့ မိန့်ခွန်းပြော ကြားခဲ့ပါတယ်။ အတိုက်အခံအုပ်စုက "နိုင်ငံကို နိုင်ငံခြားသားလွှမ်းမိုးမှုနဲ့ ပြိုကွဲအောင် လုပ်နေတယ်"လို့ မာဒူရိုက တပ်ဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။ 


"တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံရဲ့ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးကို ချိုးဖောက်မယ့် ဘယ်လိုမျိုး ချိုးဖောက်မှုမျိုးကို မဆို တားဆီးကာကွယ်နိုင်ဖို့အတွက် နယ်စပ်တစ်လျှောက် တပ်လှန့်ဖြန့်ကြက် သွားမှာပါ"လို့ ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပါဒရီနိုက ပြောကြားခဲ့ပါတယ်။ 


ဒီလိုပြောကြားမှုကို သုံးသပ်ရမယ်ဆိုရင် ဗင်နီဇွဲလားတပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ နယ်စပ်တစ်လျှောက် တပ်လှန့်မှုတွေ ဆောင်ရွက်ပြီး ဖြန့်ကြက်စောင့် ကြည့်သွားဦးမယ့်သဘော တွေ့နေရပါတယ်။ ထို့အတူ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေလည်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေဦးမယ့် သဘောကို တွေ့ရပါတယ်။ 


လိုအပ်နေတယ်


ဗင်နီဇွဲလားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးကတော့ သူတို့ဟာ လက်ရှိ သမ္မတ မာဒူရိုအပေါ်မှာ ဆက်လက် သစ္စာစောင့်သိသွားမယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ မာဒူရိုဟာ သမ္မတရာထူးမှ နုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးမှု တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံအချို့ရဲ့ တောင်းဆိုမှုကို ပြောင်ပြောင် တင်းတင်း ဖီဆန်ထားတဲ့ မာဒူရိုက စပိန် ရုပ်မြင်သံကြားတစ်ခုရဲ့ အင်တာဗျူးမှာ ဘာပြောခဲ့သလဲဆိုရင် သူ့ရဲ့နုတ်ထွက်မှုအတွက် တောင်းဆိုနေ တဲ့သူတွေအပေါ် အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 


တစ်ဖက်မှာလည်း အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျနဲ့ များစွာသော လက်တင် အမေရိကနိုင်ငံ တွေကပါ နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ် ပြုထားတဲ့ ဂွိုက်ဒိုအနေနဲ့ တပ်မတော်ကိုလည်း စီးပွားရေးကြောင့် နာလန်မထူနိုင်တဲ့ နိုင်ငံကို ကူညီဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဗင်နီဇွဲ လားနိုင်ငံမှာ လူပေါင်း သုံးသိန်းလောက် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။


ဘူးလေးရာ ဖရုံဆင့် 


အမေရိကန်ပြည်ထောင်စုက ဗင်နီ ဇွဲလား အတိုက်အခံခေါင်းဆောင်ဘက် မှာ ရပ်တည်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အပြင် ဒုသမ္မတ မိုက်ပန့်စ်ကပါ ထပ်လောင်း ပြောကြား ခဲ့ပါသေးတယ်။ ထို့အတူ ဗင်နီဇွဲလားနိုင်ငံမှာ လွတ်လပ်မှု ပြန်လည်ရရှိလာတဲ့အထိ အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလား ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာ ဖြစ်ကြောင်း မိုက်ပန့်စ်က ပြောပါတယ်။


နိုင်ငံရေးတင်းမာမှုတွေ တစ်နေ့ တခြားမြင့်မားလာတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိ သမ္မတ နီကိုးလပ်စ်မာဒူရိုနဲ့ ကြားဖြတ် သမ္မတအဖြစ် ကြေညာခဲ့သူ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒို တို့ရဲ့ အာဏာယှဉ်ပြိုင်မှုဟာ တစ်နေ့တခြား ကြီးမားလာနေတယ်ဆိုတာ ငြင်းမရပါဘူး။ 

မာဒူရိုလက်ထက်မှာ နိုင်ငံဟာ စီးပွားရေးနဲ့ပတ်သက်ပြီး ယိုယွင်းလာခဲ့ ပါတယ်။ စီးပွားရေးယိုယွင်းလာတဲ့ ဗင်နီ ဇွဲလားနိုင်ငံဟာ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်အောင် ကြီးလာပြီး အစားအစာတွေနဲ့ ဆေးဝါးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်း တွေအပြင် နိုင်ငံတကာ အကူအညီတွေလည်း ပိတ်ဆို့ခံထားရတယ်ဆိုတော့ ဗင်နီဇွဲလား ပြည်သူတွေအနေနဲ့ အခုတော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ပါပဲ။

 
ဗင်နီဇွဲလားတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း နိုင်ငံရဲ့ အချုပ်အခြာတည်တံ့ ခိုင်မြဲရေးကို လက်ကိုင်ပြုထားသလို တစ်ဖက်ကလည်း လူသားချင်းစာနာ ထောက်ထားမှုကို အကြောင်းပြုနေပါတယ်။ ဒီနောက်ကွယ်မှာတော့ လက်ရှိ သမ္မတ မာဒူရိုနဲ့ ဂျူအန်ဂွိုက်ဒိုရဲ့ အားပြိုင်မှုကလည်း ရှိနေပါတယ်။ 


ထို့အတူ ပြောတဲ့အတိုင်း ဖြစ်မလာပါက အမေရိကန်ကလည်း စစ်ရေးအရ ဝင်ရောက်လာမယ့်သဘောကိုလည်း တွေ့နေရပါတယ်။ ဒီအခြေ အနေတွေကို အကောင်းဆုံး ဘယ်လို ထိန်းကျောင်းလုပ်ဆောင်သွားမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။ ။


ကိုးကား - အေအက်ဖ်ပီ