နေပြည်တော် နိုဝင်ဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္က သိုလ်များမှ အမှုထမ်းအရာထမ်းများ၏ ပြည်ပဆွေးနွေးပွဲ အတွေ့အကြုံများ ပြန်လည် ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြည်ပဆွေးနွေးပွဲ အတွေ့အကြုံများကို ရှင်းလင်းတင်ပြကြရာ ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် အရှေ့တောင်အာရှ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၏ (၄၅)ကြိမ်မြောက် စီမံကိန်းကော်မတီအစည်းအဝေးနှင့် (၂၅)ကြိမ်မြောက် ASEAN-SEwAFDEC မဟာဗျူဟာ မိတ်ဖက်ငါးလုပ်ငန်းအတိုင်ပင်ခံအဖွဲ့ အစည်းအဝေး အတွေ့အကြုံများကိုလည်းကောင်း၊ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှိဒေသ၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲ အတွေ့ အကြုံများကိုလည်းကောင်း ၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အသေးစားငါးလုပ်ငန်း တွင် ကျား/မ ရေးရာရှုထောင့်အပေါ် လေ့လာသင်ကြားမည့် သင်ရိုးညွှန်းတမ်းအား အပြီးသတ် ဆွေး နွေးမည့် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများကို လည်းကောင်း ၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ ပစိဖိတ်နိုင်ငံများရှိ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့မှ အတည်ပြုရွေးချယ်ထားသည့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ Focal Points များ၏ (၆)ကြိမ်မြောက် ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ အတွေ့အကြုံများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ၊ ပညာရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်