နေပြည်တော်  နိုဝင်ဘာ ၁၇

 

ကျန်းမာရေးဝန်ကြီးဌာနသည် အာဆီယံနိုင်ငံများနှင့် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာ လေ့ကျင့်သင်ကြားရေးနယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ‌ ‌‌‌ဒေါက်တာ‌ ဒေါ်အေးအေးချစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် မလေးရှားနိုင်ငံ သမားတော်များကောလိပ်၏ နှစ်ပတ်လည်ညီလာခံနှင့် ဆက်စပ်ကျင်းပသော အာဆီယံ ဆေးကုသမှု ပညာရပ်ဆိုင်ရာအဖွဲ့အစည်း၏ အစည်းအဝေးသို့ တက်ရောက် ကြသည်။

 

အစည်းအဝေး ပထမနေ့တွင် အာဆီယံနိုင်ငံများမှ ဆေးကုသမှုဆိုင်ရာ သမားတော်များအကြား ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအလွန် ဟော်မုန်းဆိုင်ရာရောဂါများ၊ အဆစ်ရောင်ရောဂါများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ်ရောဂါ အစရှိသည့် ရောဂါများကုသရာတွင် နောက်ဆုံးပေါ်ကုထုံးများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ရောဂါကုသမှု အတွေ့အကြုံများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ယင်းအစည်းအဝေးကို နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်ထိ ၃ ရက် ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ နိုင်ငံတကာမှ ဆေးကုသမှုဆိုင်ရာ သမားတော်များ တက်ရောက်ကြမည်ဖြစ်ကာ နိုင်ငံများအကြား ဆေးပညာ ရပ်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ရရှိနိုင်မည်ဖြစ်ပါသဖြင့် မိမိနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အတွက် များစွာအထောက်အကူ ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် အတူပူးပေါင်း လုပ်ကိုင်နေသူများကိုလည်း အတွေ့အကြုံကောင်းများ ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)