ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး သည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ် ပြည်လမ်းရှိ လှော်ကားရေဝေရေလဲဒေသသို့သွားရောက်၍ Poulownia Flower Tree နှင့် Poulownia Energy Tree များ စိုက်ပျိုးထားရှိမှုနှင့် လှော်ကားပျိုးဥယျာဉ်ရှိ ပျဉ်းကတိုးပင်၊ ကျွန်း၊မဟော်ဂနီပင် ၊ ဝါးပင်၊ ရေတမာပင်၊ ခရေပင် စသည့် အရိပ်ရပင်များ စိုက်ပျိုးထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ပျိုးခြံဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ အမှတ်(၇) (မြို့ပတ်)လမ်းမကြီးရှိ ရေကျော်ရွာသို့သွားရောက်၍ ရေထိန်းတံခါးနှင့် ရေပေးဝေ ရေးမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားများဖြင့်ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၇) (မြို့ပတ်)လမ်းမကြီးရှိ စိတ်ကျန်းမာရေးဆေးရုံကြီး (ရန်ကုန်) သို့သွားရောက်၍ ဆေးရုံဝင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် စုပေါင်း အင်အားဖြင့်သန့်ရှင်းရေးဆောင်ရွက်နေမှု၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်၊ ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်နှင့် တာဝန်ရှိသူများက ဘဲဥအလုံး ၁၀၀၀၀ နှင့် ကြက်ဥအလုံး ၁၀၀၀၀ တို့ကို လှူဒါန်းရာ ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် မင်းရဲကျော်စွာလမ်းရှိ 500 mm Ø HDPE ပိုက်လိုင်းမှ မင်းရဲကျော်စွာလမ်းနှင့် အမှတ်(၇) လမ်းတစ်လျှောက် စိတ်ကျန်းမာရေးဆေးရုံရှေ့ အထိ ရေပို့ပိုက်မကြီး 400 mm Ø HDPE ပိုက်လိုင်း ၁၄၃၉ မီတာသွယ်တန်းခြင်း လုပ်ငန်းခွင်နှင့် မင်းရဲကျော်စွာလမ်း (မောရဝတီလမ်းနှင့် မြို့ပတ်လမ်းအကြား) ကတ္တရာကွန်ကရိ AC ဂျိုးဖြင့် ပြန်လည်ပြုပြင်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်