နေပြည်တော် နိုဝင်ဘာ ၁၈
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် မန္တလေးတိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ တာဝန်ကျရာကဏ္ဍများတွင် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စောင့်ထိန်းရ မည့်ကျင့်ဝတ်များကို လိုက်နာရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက မိမိဝန်ကြီးဌာန၏ မူလလုပ်ငန်းများ၊ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်ပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့်အ ကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဆက်ဆံရာ တွင် တတ်နိုင်သမျှ စိတ်ရှည်သည်းခံပြီး ချေငံစွာဆက်ဆံရန် လိုအပ်ကြောင်း၊ တာဝန်အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာခြင်း၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း စောင့်ရှောက်ရမည်ဖြစ်ကြောင်း။
တိုင်းဒေသကြီးတာဝန်ခံ၊ မြို့နယ်ရုံးခွဲတာဝန်ခံများအနေဖြင့် မိမိတို့၏ ရုံးများလုံခြုံရေး စနစ်တကျရှိစေရေး ကြပ်မတ်ကွပ်ကဲဆောင်ရွက်ကြရန်ကိစ္စရပ်များ၊ အရေးကြီးစာရွက်စာတမ်း များ၊ ရုံးသုံးပစ္စည်းများ လုံခြုံမှုအဆင့်အတန်းနှင့် ဦးစားပေးအဆင့်အတန်းများ သေချာစွာ သတ်မှတ်ထားရှိရန်ကိစ္စရပ်များ၊ ဝန်ထမ်းများ၏ သွားလာနေထိုင်မှုတို့တွင် လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် နယ်မြေအခြေအနေနှင့်ပတ်သက်၍ ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်ထံသို့ သတင်းပေးပို့ကြရန် လိုအပ်ကြောင်း မှာကြား ပြီးဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အလားတူ ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ပြင်ဦးလွင်မြို့၊ လူမှုဖူလုံရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်