နေပြည်တော် နိုဝင်ဘာ ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံသို့သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းမြို့ မူလတန်းကြိုကျောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးရုံးတို့ကို ကြည့်ရှုစစ်ဆေးရာ ခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့သို့သွားရောက်၍ ပျော်ဘွယ်မြို့ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား တွေ့ဆုံဂါရဝပြုကာ ငွေကြေးနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် မူလတန်းကြိုကျောင်းကို လည်းကောင်း သွားရောက်စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ ခရိုင်တာဝန်ခံများက လုပ်ငန်းအလိုက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက မီးဘေးလုံခြုံရေးအပါအဝင် လုံခြုံရေးကိစ္စရပ်များကို အထူးသတိပြုဆောင်ရွက်ကြရန်၊ ရုံးအလိုက်၊ ဌာနအလိုက် မီးဘေးအပါအဝင်ဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းအတွက် ဇာတ်တိုက်လေ့ကျင့်ထားကြရန်၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ၊ သတိပြုဆောင်ရွက်သင့်သည်များ၊ လုပ်ငန်းခွင်တွင် စည်းလုံးညီညွတ်စွာနှင့် အေးချမ်းစွာတာဝန်ထမ်းဆောင်ရေးဆိုင်ရာ ကိစ္စရပ်များမှာကြား ဖြည့်ဆည်းပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ဝန်ဇင်းဘိုးဘွားရိပ်သာ ဘိုးဘွားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည်တို့ကို မေးမြန်းကြည့်ရှုပြီး ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်