နေပြည်တော် နိုဝင်ဘာ ၁၈

နေပြည်တော်ကောင်စီနယ်မြေအတွင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စိုက်ပျိုးဧရိယာများ ရေဖူလုံစွာအသုံးပြုနိုင်ရန်နှင့် လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ်အတွင်း မြေအောက်ရေ ဖော်ထုတ်၍ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တောင်သူစိုက်ကွင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နွယ်ရစ်ကျေးရွာ ရေစုတွင်းကျယ်မှရေကို ဆိုလာရေတင်စနစ်ဖြင့် ရေတင်၍ စိုက်ပျိုးမြေဧက(၇၀)အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေပေး ဝေနေမှုကိုလည်းကောင်း၊ စက်ရေတွင်းများဖြင့် မြေအောက်ရေ ထုတ်ယူသုံးစွဲနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ တောင်သူမိသားစုများ၏ စိုက်ပျိုး ထုတ်လုပ်မှု၊ ဝင်ငွေနှင့် ဒေသဖွံ့ဖြိုးမှုအခြေအနေများကို ရင်းနှီးပွင်းလင်းစွာ မေးမြန်းဆွေးနွေးပြီး ဝန်ကြီးဌာန၏ စားရေရိက္ခာ ဖူလုံပိုလျှံရေး ဆောင်ရွက်ချက်များ၊ GAP ထုတ်ကုန်များ ၏ အာဟာရတန်ဖိုးကို စားသုံးသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိသုံးစွဲ လာစေရေးဆောင်ရွက်ချက်များ ၊  အာဟာရဓါတ်ပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်နှင့် ရေလုံလောက်စွာ ဆောင်ရွက်ပေးပြီးဖြစ်၍ တစ်နှစ်(၃)သီး မဖြစ်မနေ စိုက်ပျိုးထုတ်လုပ်ရန် ကိစ္စများနှင့် လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရှောက်ကုန်းကျေးရွာတွင် မြေအောက်ရေ ဖော်ထုတ်၍ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ၊ဒုတိယဝန်ကြီး တို့သည် ရေသုံးစွဲသူများအဖွဲ့ (WUG) နှင့် နေကြာမျိုးသန့်ထုတ်လုပ်သူ တောင်သူများကို ရေဆင်းနေကြာစပ်မျိုး မျိုးစေ့များ ပေးအပ်ကြပြီး ရေသုံးစွဲမှုနှင့် ထိန်းသိမ်းစရိတ်များအပေါ် ညီညွတ်မျှတသော စီမံမှုဖြစ်စေရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ မြေမနား လူမအား တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်ခြင်း ကြောင့် မြေဆီလွှာထိခိုက် ပျက်စီးမှုမရှိစေရန် သဘာဝမြေဩဇာ ထည့်သွင်းခြင်း အပါအဝင် လိုအပ်သော မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၏ အကူအညီကို ရယူဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

တပ်ကုန်းမြို့နယ် ရှောက်ကုန်း ၊ ပုဏ္ဏမာ ၊ နွယ်ရစ်၊ကျားသေအိုင်နှင့် ရွေးစုကျေးရွာများ တွင် ရေစုတွင်းကျယ်(၁)တွင်းနှင့် ၁၀ လက်မ စိုက်ပျိုးရေတွင်း စုစုပေါင်း(၃၂)တွင်း ဆောင်ရွက် ပြီးစီး၍ စိုက်ပျိုးမြေ (၉၉၅) ဧက စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ရေစုတွင်းကျယ် (၁)တွင်း  နှင့် အချင်း ၁၀ လက်မ စိုက်ပျိုးရေတွင်း (၂) တွင်း ဆောင်ရွက်လျက်ရှိကြောင်း၊  လျာထားစက်ရေ တွင်း (၄၇)တွင်း အားလုံးပြီးစီးပါက စိုက်ပျိုးမြေ (၁၄၈၅)ဧကကို စိုက်ပျိုးရေ ပေးဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

မြေအောက်ရေဖော်ထုတ်၍ စိုက်ပျိုးရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ကြောင့် ဒေသခံတောင်သူများ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ပြီး ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာလျက်ရှိကြောင်း၊ ဒေသခံ တောင်သူများ၏ ရင်းနှီး ကုန်ကျစရိတ် လျှပ်စစ်ဓါတ်အားခ သက်သာစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရက ဆိုလာစနစ် (Solar System) ပြောင်းလဲ တပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တူးဖော်ပြီး စိုက်ပျိုးရေတွင်း (၁)တွင်းချင်းအလိုက် ရေသုံးစွဲသူများအဖွဲ့(WUG)များ စနစ်တကျ ဖွဲ့စည်းပေးထားပြီး အဆိုပါ(WUG)အဖွဲ့များထံ စက်ရေတွင်းများ ကို စနစ်တကျလွှဲပြောင်းပေးအပ်ကာ ရေပေးဝေရေးဆိုင်ရာ စီမံခန့်ခွဲမှုကို တောင်သူများ ကိုင်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်စေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်