နေပြည်တော် နိုဝင်ဘာ ၁၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ အတွင်းသဲဖြူကျေးရွာသို့ ရောက်ရှိကြပြီး တာဝန်ရှိ သူများက ထန်းတပင်မြို့နယ်အတွင်း ဘဏ္ဍာရေးနှစ်အလိုက် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် အတွင်းသဲဖြူကျေးရွာ၌ ရေသန့်စင်စနစ် ဆောင်ရွက်ပေးခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထန်းတပင်မြို့နယ် ကြို့ကုန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် သမဝါယမအသင်းတောင်သူများ စိုက်ပျိုးခဲ့သော မိုးစပါးအဧ (၁၁၂၀) ရိတ်သိမ်းနေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး စပါးများရောင်းချမှုမှရရှိသည့် ငွေများအနက် အသင်းသား တောင်သူများအား Refund ငွေများ ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ နွေစပါးစိုက်ပျိုးနိုင်ရေး၊ ကြိုတင်ဆောင်ရွက်ရန်၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုရရှိရေးနှင့် စိုက်ပျိုးရေ လုံလောက်စွာရရှိသည့် နေရာများကိုသာ စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်သွားရန်နှင့် အသင်း သားများနှင့် ညှိနှိုင်းပြီး အကျိုးအမြတ်များကို ညီတူမျှတူ ခွဲဝေပေးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ထန်းတပင်မြို့နယ် သံတဇာ-ကောက်ကွေ့လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးပါက သံတဇာ၊ ကောက်ကွေ့ ကျေးရွာ အပါအဝင် ကျေးရွာ ၅ ရွာရှိ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ပြီး စက်ချုပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တောင်ဒဂုံမြို့နယ်၊ အမှတ်(၁)စိုက်ပျိုးရေး၊ မွေးမြူရေးရပ်ကွက်ရှိ “ရွှေသရဖူ”အမျိုးသမီးစက်ချုပ် သမဝါယမအသင်းသို့ သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ အသင်းသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)