နေပြည်တော် နိုဝင်ဘာ ၁၉
မျိုးစပ်မွေးမြူထားသော စပါးသားဆက်လိုင်းများ၏ အရည်အချင်းလက္ခဏာများကို အကဲဖြတ်ခြင်း၊ စပါးမျိုးကောင်း များရွေးချယ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးသူ တောင်သူကိုယ်တိုင် ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင် ရွက်နိုင်ကြခြင်းဖြင့် ဒေသအလိုက် အထွက်နှုန်း မြင့်မားသည့် မျိုးကောင်းမျိုးသန့်များ မွေးမြူအသုံးပြုမှုနှင့် တောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဘက်ပေါင်းစုံမှ တောင်သူ လယ်သမားများ ကိုယ်တိုင်ပါဝင်လာစေရေး ကြိုးပမ်းလျက်ရှိသည်။
ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြိုနယ် ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ကွင်း၌တောင်သူများ ပူးပေါင်းပါဝင်ရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်း အခမ်းအနားကိုကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ကွင်းဆင်း၍ မျိုးရွေးချယ် ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းပြသသည်။
နေပြည်တော်အခြေစိုက် ပြည်တွင်းပုဂ္ဂလိက မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ စတင်မျိုးစပ်မွေးမြူပြီး အရည်အသွေးကောင်း မိဘမျိုး ( ၂ )မျိုးမှ ( ၄ )မျိုးအထိပါဝင်သည့် ဗီဇ အစုအဖွဲ့များ များစွာ ပါဝင်သော သား ဆက်လိုင်း စပါးမျိုးကွဲများကို ၂၀၂၂ ခုနှစ် နွေစပါးရာသီတွင် မျိုးကူးစပ် မွေးမြူခဲ့ကြောင်း၊ ၎င်းမျိုးလိုင်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်း မှု အစီအစဉ်ဖြင့် ကြို့ပင်ကျေးရွာ ၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန စိုက်ကွင်းများတွင် စိုက်ပျိုးထားရှိပြီး တောင်သူများနှင့်အတူ မျိုးရွေး ချယ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ ကျင်းပသည့် (၁၅)ကြိမ်မြောက် တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers' Technical Forum)သို့ တက် ရောက် ဆွေးနွေးသည်။
အပတ်စဉ် စနေနေ့တိုင်း ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ ပဲမျိုးစုံဌာနစိတ်မှ ပညာရှင်က ပဲမျိုးစုံသီးနှံ အထွက်နှုန်းတိုးတက်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးတက္ကသိုလ် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန (ACARE)၌ ကျင်းပသည့် စိုက်ပျိုးရေးတက္ကသိုလ် စတင်ထူထောင်သည့် ၁၉၂၄ ခုနှစ်မှ ယနေ့အထိ ခေတ်အလိုက် ပြောင်းလဲလာသော ဘွဲ့ကြိုသင်တန်းစနစ်များနှင့် စိုက်ပျိုးရေးဘာသာရပ်သင်ရိုးများ ပြောင်းလဲလာပုံကို သုံးသပ် လေ့လာခြင်းဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် စိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် သင်ကြားမှုသင်ယူမှုသုံးသပ်ခြင်း၊ ပစ္စုပ္ပန်နှင့် အနာဂတ် လုပ်ငန်းခွင်အတွက် လိုအပ်သော ဘာသာရပ်များကို ထဲထဲဝင်ဝင်သင်ကြားရေး၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများ တိုးချဲ့သင်ကြားပို့ချရေး၊ မဟာသိပ္ပံနှင့် ပါရဂူဘွဲ့သင်တန်းများ အဆင့်မီ အရည်အသွေးထိန်းသိမ်းရေး အစီအမံ ကောင်းဖြင့် ဆောင်ရွက်နိုင်ရေး၊ လက်ရှိသင်ကြားပေးလျက်ရှိသည့် ဘွဲ့ကြိုသင်တန်းများ၏ သင်ရိုးညွှန်းတမ်း၊ ပြဌာန်းစာအုပ်များ သင်ကြားပို့ချမှုစနစ်များကို သေချာစွာသုံးသပ်၍ ပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှု စနစ်များကို သုတေသန ပြု ဖော်ထုတ်ပြဌာန်းဆောင်ရွက်ရေး၊ စာတွေ့လက်တွေ့ အချိတ်အဆက်ကောင်းမွန်စွာဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော လူသားအရင်းအမြစ်များကို သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


